အာဆင်နယ် နည်းပြဟောင်းကြီး အာဆင် ဝင်းဂါးဟာ သူ့အသင်းဟောင်း အာဆင်နယ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ဖို့ ထိုက်တန်ခဲ့တယ်ဆိုတဲ့ လက်ရှိနည်းပြ မီခယ် အာတီတာရဲ့ ပြောဆိုချက်ကို သဘောမတူကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အိမ်ကွင်း Emirates မှာ ပီအက်စ်ဂျီကို ၁-၀ နဲ့ ရှုံးနိမ့်ထားပြီး ဒုတိယအကျော့အတွက် Parc des Princes ကို သွားရောက်ခဲ့ရချိန် အာတီတာရဲ့အသင်းဟာ ပွဲအစပိုင်းမှာ အနည်းငယ် အသာစီး ရခဲ့ပေမယ့် အိမ်ရှင် ပီအက်စ်ဂျီကပဲ ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပြီး နောက်ဆုံးမှာတော့ နှစ်ကျော့ပေါင်း ၃-၁ ဂိုးနဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ လူးဝစ် အင်းနရစ်ရဲ့အသင်းဟာ ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Goal

ပီအက်စ်ဂျီအတွက် သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပေမယ့် အာဆင်နယ်နည်းပြ အာတီတာကတော့ ပွဲအပြီးမှာ အာဆင်နယ်ဟာ ဗိုလ်လုပွဲတက်ဖို့ ပိုပြီး ထိုက်တန်ခဲ့ကြောင်း နှစ်ကျော့ပေါင်းမှာ သူ့အသင်းဟာ ပီအက်စ်ဂျီထက် ပိုကောင်းခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ် ဂန္ထဝင်နည်းပြကြီး ဝင်းဂါးကတော့ စပိန်သား အာတီတာရဲ့ ပြောဆိုချက်ကို သဘောမတူကြောင်း ပြောကြားခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ နှစ်ကျော့ပေါင်းပွဲစဉ်မှာ ရှုံးနိမ့်ဖို့အတွက် အန္တရာယ် လုံးဝ မရှိခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

beIN SPORTS နဲ့ တွေ့ဆုံရာမှာ ဝင်းဂါးက “ဒီညမှာ မတူညီတဲ့ ပီအက်စ်ဂျီကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်လို့ ပြောချင်ပါတယ်။ ဘောလုံးကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ပြီး တောက်ပတဲ့ ဘောလုံးကို ဦးစားပေးတာမျိုး မဟုတ်ဘဲ ဂိုးမပေးရအောင် ကာကွယ်ပြီး တန်ပြန်တိုက်စစ်တွေ Free Kick နဲ့ ထောင့်ကန်ဘောတွေကနေ အခွင့်အရေးယူတာက ဒီည သူတို့ကို အောင်မြင်မှုပေးခဲ့တာပါ။ စိတ်ပိုင်းဆိုင်ရာအရလည်း သူတို့ သန်မာတယ်လို့ ပြောချင်ပါတယ်။ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် သူတို့ မယိုင်နဲ့ခဲ့ဘူး။”

Photo Credit : Goal

“တစ်ဖက်မှာတော့ အာဆင်နယ်နဲ့ပတ်သက်ပြီး ဂိုးသွင်းယူဖို့ မစွမ်းဆောင်နိုင်တာမျိုး ထပ်ခါထပ်ခါ တွေ့ရတယ်။ နှစ်ပွဲပေါင်းခြုံပြီး ကြည့်မယ်ဆိုရင် ပီအက်စ်ဂျီက အာဆင်နယ်ထက် ပိုကောင်းခဲ့တယ်။ အခွင့်အရေး ပိုရခဲ့တယ်။ ပြီးတော့ အန္တရာယ် လုံးဝ မရှိခဲ့ဘူးလို့ ကျွန်တော်ပြောပါမယ်။ ဒါကြောင့် ပီအက်စ်ဂျီကို ဂုဏ်ပြုပါတယ်။” လို့ ဝင်းဂါးက ဆက်လက် ပြောဆိုခဲ့ပါတယ်။

“ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ဖလား ရဖို့ သိပ်မဝေးတော့ဘူးလို့ ကျွန်တော် အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။ နောက်ပြီး မမေ့ပါနဲ့။ သူတို့ဟာ ချန်ပီယံလိဂ်ဖလားရနိုင်တယ်။ ပြင်သစ်မှာ Double (လိဂ်ဖလား+ပြည်တွင်းဖလားတစ်ခု) ရနိုင်တယ်။ ကလပ်ကမ္ဘာ့ဖလား (Club World Cup) ရနိုင်တဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါက နည်းပြ လူးဝစ် အင်းနရစ်အတွက် ထူးခြားလွန်းတဲ့ အောင်မြင်မှု ဖြစ်လာလိမ့်မယ်” လို့ ဝင်းဂါးက ပြောခဲ့ပါတယ်။