အာဆင်နယ်အသင်းရဲ့ ဂန္တဝင် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက ချယ်လ်ဆီးအသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သူရဲ့ ထင်မြင်ချက်တွေကို beIN SPORT ရုပ်သံရဲ့ ဘောလုံးအစီအစဉ်အတွင်းမှာ ပြောဆိုလာခဲ့ပြီး ချယ်လ်ဆီးအနေနဲ့ လက်ရှိ ပြသာနာတွေအပေါ် အမြန်ဆုံး အဖြေရှာဖို့ လိုအပ်တယ်လို့ ထောက်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ မနေ့ညက အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်သည် ဘရန့်ဖို့ဒ်အသင်းကို (၂)ဂိုးပြတ် အရှုံးပေးခဲ့ရပြီး နောက်ဆုံးကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း (၄)ပွဲဆက်တိုက်အထိ နိုင်ပွဲတွေ ပျောက်ဆုံးထားခဲ့ရပါတယ်။

Photo Credit : Chelsea Football Club

ဒီပွဲစဉ်မှာ ချယ်လ်ဆီးက ပထမပိုင်း ပွဲချိန်ထဲ ဘရန့်ဖို့ဒ်ကို ကွင်းတစ်ဝက်နီးပါးလောက်အထိ ဖိအားပေး ကစားထားနိုင်ခဲ့ပေမယ့်လည်း အခွင့်အရေးတွေ ထိထိမိမိ အသုံးမချနိုင်ခြင်းက ချယ်လ်ဆီးအတွက် ထိုးနှက်ချက် ဖြစ်သွားခဲ့ရပါတယ်။

ဒီရလဒ်ကြောင့် ချယ်လ်ဆီးဟာ အခုဆိုရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁၁)နေရာမှာ ရှိနေရသလို ချယ်လ်ဆီးရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝင်းဂါးက “ခင်ဗျား အပြင်ကနေ ကြည့်နေရင်းနဲ့ သူတို့အသင်းမှာ ဘာတွေမှားနေသလဲဆိုပြီး မေးခွန်းထုတ်နေမိလိမ့်မယ်။ ကစားသမားတွေကို ပိုက်ဆံတွေ အများကြီး သုံးစွဲ ခေါ်ယူပြီးတော့ အဲ့ဒီ ကစားသမားတွေက သူတို့အတွက် သုံးစွဲခဲ့ရတာနဲ့ ထိုက်တန်မှု မရှိလို့လား။”

Photo Credit : Sportskeeda

“ကစားသမားတွေက ကောင်းမနေကြဘူးလား။ overrated တွေ ဖြစ်နေကြတာလား။ အသင်းအပေါ်မှာ ယုံကြည်မှု နည်းပါးနေကြတာလား။ အပြုသဘောဆောင်ပြီး မကစားနိုင်ကြတာလား ဆိုတာတွေ မေးခွန်းထုတ်မိနေလိမ့်မယ်။ အားလုံးကို ခြံငုံကြည့်လိုက်မယ်ဆိုရင် ချယ်လ်ဆီးက ဘာစိတ်ကူးစိတ်သန်းမှ မရှိပဲ ခပ်မြန်မြန် ကစားနေရင်း လမ်းပျောက်နေတဲ့ အသင်းတစ်သင်းလိုပဲ။”

“အနိုင်ရလိုစိတ် ပျောက်ဆုံးပြီး ဘာမှ ဖြစ်မလာနိုင်တဲ့ အသင်းလိုမျိုးပဲ။ ဒီအခြေအနေတွေအပေါ် လျင်လျင်မြန်မြန်နဲ့ကို အဖြေရှာဖို့ လိုနေပါပြီ။ ဘာကြောင့်လဲဆိုတော့ လိဂ်ပွဲ (၁၀)ပွဲ ကစားထားပြီးချိန်မှာ ခင်ဗျားတို့လည်း ဒီအသင်းရဲ့ လားရာကို မြင်နေနိုင်ပြီပဲ။ သူတို့ရဲ့ လားရာက အမှတ်ပေးဇယား အလယ်လောက်မှာပါပဲ။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။