မနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂါဘရီရယ် မာတင်နယ်လီရဲ့ နာကျင်အချိန်ပိုသွင်းဂိုးကြောင့် အာဆင်နယ်အသင်း မန်စီးတီးဆီကနေ တစ်မှတ်လုယူနိုင်ခဲ့ပေမယ့် မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာကတော့ ရလဒ်အပေါ် စိတ်ပျက်မနေဘဲ သူ့အသင်းကို သူနောက်ဆုံးတော့ ပြန်လည်မှတ်မိလာပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
အာလင်း ဟာလန်းရဲ့ ပွဲအစောပိုင်းသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် စီးတီးအသင်းဟာ အမ်းမရိတ်စ်ကွင်းမှာ ဘတ်စ်ကားပိတ်ကစားကာ ခံစစ်ကို အသည်းအသန် ကာကွယ်ခဲ့ပါတယ်။ နိုင်ပွဲနဲ့ လွဲချော်ခဲ့ပေမယ့် ဒီလိုခံစစ်မာကျောမှုကို ပြသနိုင်ခဲ့တာက ယူနိုက်တက်နဲ့ နာပိုလီတို့ကို အနိုင်ရခဲ့တဲ့ ခက်ခဲတဲ့ သီတင်းပတ်အပြီးမှာ အသင်းအတွက် အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း ဂွါဒီယိုလာက ယုံကြည်နေပါတယ်။
Photo Credit : BBC
“ဒါက ကစားသမားတွေရဲ့ ကိုယ်ဟန်အမူအရာ၊ ဆက်သွယ်ပြောဆိုပုံ၊ အားထုတ်ကြိုးပမ်းပုံတွေပါပဲ။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ ဒါတွေကို အများကြီး ပျောက်ဆုံးခဲ့တယ်။ ရလဒ်ကို ကျွန်တော် x-care တယ်၊ ကျွန်တော်မြင်ချင်တာက လေ့ကျင့်ရေးကွင်းထဲမှာ ဒီစိတ်ဓာတ်မျိုးကို ပြန်မြင်ချင်တာပဲ။ ကျွန်တော်တို့ ဒါကို ပြန်ရှာခဲ့ရတယ်။ ဒီတစ်ပတ်မှာ ကျွန်တော်တို့ ပြန်တွေ့ခဲ့ပြီ။ ဒီအတိုင်း ဆက်သွားရမယ်။ ကျွန်တော် ခံစားခဲ့ရပါတယ်။ ဒီလိုကစားရတာကို မကြိုက်ဘူး၊ ဘောလုံးကို ဂိုးနဲ့ဝေးရာမှာပဲ ထားချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းက အံ့မခန်းပါပဲ။” လို့ ဂွါဒီယိုလာက ဆိုပါတယ်။
အာဆင်နယ်နည်းပြ မီခေးလ် အာတေတာကတော့ ပွဲကိုအနိုင်ရချင်ခဲ့တာကြောင့် ဒီရလဒ်အတွက် “စိတ်ပျက်မိတယ်။” လို့ ဝန်ခံခဲ့ပါတယ်။ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကလည်း “ကျွန်တော်တို့ ဒီချေပဂိုးနဲ့ ထိုက်တန်ပါတယ်။ ရှုံးပြီးပြန်လာရရင်တော့ တကယ်ကို စိတ်ပျက်မိမှာပါ။” လို့ ဆိုပါတယ်။
Photo Credit : The Independent
ဂွါဒီယိုလာကိုယ်တိုင်ကလည်း ပွဲကို အာဆင်နယ်က ထိန်းချုပ်သွားခဲ့ကြောင်း ဝန်ခံခဲ့ပြီး “ရလဒ်က မျှတပါတယ်လို့ ပြောနိုင်တဲ့အဆင့်ကို ကျွန်တော်တို့ ရောက်ချင်ပါတယ်။ ပွဲကို အာဆင်နယ်က ထိန်းချုပ်သွားတာပါ။ ကျွန်တော်တို့ မဟုတ်ပါဘူး။” လို့ ရိုးရိုးသားသား ပြောကြားခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဟာလန်းဟာ ခါးနာကျင်မှုဝေဒနာကို ခံစားခဲ့ရတာကြောင့် လာမယ့်သီတင်းပတ်လယ်မှာ ဟက်ဒါဖီးလ်အသင်းနဲ့ ကစားမယ့် ကာရာဘောင်းဖလားပွဲစဉ်မှာ အနားပေးခံရဖွယ်ရှိနေပါတယ်။ ဂွါယိုလာအတွက်တော့ အဖိုးတန်အမှတ်နှစ်မှတ်ကို လက်လွှတ်ခဲ့ရပေမယ့် သူ့အသင်းရဲ့ ခံစစ်ပိုင်းစည်းလုံးညီညွတ်မှုနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြန်လည်မြင်တွေ့ခဲ့ရတာက ရလဒ်ထက်ပိုတဲ့ အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီး ရာသီရှည်အတွက် အားတက်စရာဖြစ်ခဲ့ပါတယ်။