ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီ ဖလစ်ခ်က မိုနာကိုအသင်းဟာ နိုင်ပွဲနဲ့ ထိုက်တန်မှု ရှိခဲ့ပြီး သူတို့အသင်းအနေနဲ့ကတော့ ပြင်သစ်မြေမှာ ဒီရာသီ ချန်ပီယံလိဂ် ပွဲဦးထွက်ပွဲ ရှုံးနိမ့်ခဲ့ရမှုအပေါ် လက်ခံသွားရမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မိုနာကိုနဲ့ ဘာစီလိုနာအသင်းတို့ဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီသစ်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ league phase ပွဲစဉ် (၁)အဖြစ် ရင်ဆိုင်ခဲ့ရာ ပထမပိုင်း ပွဲချိန်အစောပိုင်းမှာပဲ ဂိုးသမား တာစတီဂန်ရဲ့ မသေသပ်တဲ့ ဘောလုံးပေးပို့မှုကနေ မီနာမီနို ဘောလုံးရသွားတာကို အဲရစ် ဂါဆီယာက ပြစ်ဒဏ်ကျူးလွန်မိလိုက်ရာ last defender ပုံစံ ဖြစ်နေတဲ့ ဂါဆီယာအနေနဲ့ တိုက်ရိုက် အနီကတ် ထိသွားခဲ့ရပါတယ်။

Photo Credit : Barca Universal

ပွဲချိန် (၁၆)မိနစ်မှာလည်း မိုနာကို ကစားသမားလေး ဂိုးကန်ချက်ကို တာစတီဂန်က ဘာမှတောင် ကာကွယ်မှု မပြုလုပ်နိုင်ခဲ့ပဲ အလွယ်တကူ ဂိုးပေးလိုက်ရပါတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ ကြယ်ပွင့်လေး ယာမားလ်က တစ်ကိုယ်တော် စွမ်းဆောင်ရည်နဲ့ပဲ အသင်းအတွက် ပြန်လည် ချေပပြီး ပထမပိုင်းကို တစ်ဂိုးစီ သရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

(၁၀)ယောက်တည်းနဲ့ ကစားနေရတဲ့ ဘာစီလိုနာက ဒုတိယပိုင်းမှာ ကစားအား တဖြည်းဖြည်း ကျဆင်းလာခဲ့ရင်း အိမ်ရှင်အသင်းဘက်ကိုပါ ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပြီး ဒီရာသီ ချန်ပီယံလိဂ် ပွဲဦးထွက်မှာပဲ ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ပွဲအပြီးမှာ ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်က “ကျွန်တော်တို့က ပွဲချိန်ပြည့် ကြိုးစားခဲ့ပေမယ့်လည်း သူတို့အသင်းက နိုင်ပွဲနဲ့ ထိုက်တန်မှု ရှိတယ်ဆိုတာကို လက်ခံရပါမယ်။”

 

Photo Credit : Football Espana

 

“အခု ကျွန်တော်တို့တွေ ပြန်လည် အနားယူ အားဖြည့်ပြီးရင် အတောင့်တင်းဆုံး အနေအထားမျိုးနဲ့ ပြန်လာမှာပါ။ ကျွန်တော်တို့မှာ နောက်ထပ် (၇)ပွဲ ကျန်နေသေးလို့ အခွင့်အရေးတွေလည်း ရှိနေပါသေးတယ်။ နောက်ပြီး ကျွန်တော်တို့က ဒီရှုံးနိမ့်မှုကို လက်ခံရပါမယ်။ ”

အသင်းမှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေသာ ပြန်လည် ကောင်းမွန်လာလို့ အသင်းအတွက် ပြန်လာနိုင်ပြီ ဆိုတာနဲ့ ကျွန်တော်တို့က အားအကောင်းဆုံးအသင်း ဖြစ်လာမယ်ဆိုတာကို ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဆက်လက်ပြီး ချန်ပီယံလိဂ် league phase မှာ ယန်းဘွိုင်းစ် ဘိုင်ယန် ဇဗက်ဒါ ဘရက်စ် ဒေါ့မွန် ဘင်ဖီကာ အတ္တလန်တာတို့နဲ့ ရင်ဆိုင်သွားရဦးမှာ ဖြစ်ပါတယ်။