ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ယာဂင် ကလော့ပ်က သူတို့အသင်းဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အချိန်ပိုသွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာဟာ ပွဲပန်းနေတာကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ဒီရာသီမှာ ချယ်လ်ဆီးကို အနိုင်ယူ ကျော်ဖြတ်ကာ ကာရာဘောင်းဖလားကို သိမ်းပိုက် ရယူထားနိုင်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေက ကာရာဘောင်း ၊ အက်ဖ်အေ ၊ ပရီးမီးယားလိဂ် ၊ ယူရိုပါလိဂ် စတဲ့ ဆုဖလား ၄လုံးစလုံးကို တပြိုင်နက်ထဲ ရယူနိုင်ဖို့ စိတ်ကူးအိမ်မက် ရှိခဲ့ပေမယ့် ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ လီဗာပူးက ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ၄-၃ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၄-၃ လီဗာပူး ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အနိုင်ရရှိရေး အတွက် ကြိုးစား ကစားခဲ့ကြပြီး တော်မီနေးက မန်ချက်စတာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပထမပိုင်း ပြီးခါးနီးမှာ အယ်လစ္စတာနဲ့ ဆာလာတို့က လီဗာပူးအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

ပထမပိုင်းမှာ နိုင်နေခဲ့တာကြောင့် လီဗာပူးက ဒုတိယပိုင်းမှာ ပွဲကို ထိန်းချုပ် ကစားကာ အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် လူစားဝင် ကစားသမား အန်တိုနီက ယူနိုက်တက် အတွက် နောက်ကျချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ တဖက် ၂ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရာ အချိန်ပို ပထမပိုင်းမှာ အဲလိယက်က လီဗာပူး အတွက် ဦးဆောင်ဂိုးကို ထပ်သွင်းပေးခဲ့ပါတယ်။

Photo Credit: Liverpool

ဒါပေမယ့် လီဗာပူးတို့က ဒုတိယအကြိမ် ဦးဆောင်ခွင့်ကို မထိန်းသိမ်းနိုင်ခဲ့ပဲ အချိန်ပို ဒုတိယပိုင်းမှာ ရက်ဖို့ဒ်နဲ့ ဒီရယ်လိုတို့ရဲ့ သွင်းဂိုးတွေကို ထပ်မံ ခွင့်ပြုပေးခဲ့ရတာကြောင့် ဆုဖလား တလုံးကို လက်လွှတ် ဆုံးရှုံးခဲ့ရတာပါ။ ပွဲပြီးဆုံးချိန်မှာတော့ ကလော့ပ်က တိုက်စစ် ကစားသမား အများအပြား ထည့်သွင်းကာ စွန့်စားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ နိုင်ပွဲနဲ့ ထိုက်တန်ပြီး သူတို့အသင်းကတော့ ပွဲဆက်များမှုဒဏ်ကို ခံခဲ့ရတာကြောင့် ရှုံးပွဲ တွေ့ခဲ့တာလို့ ဆိုလာပါတယ်။

ကလော့ပ်က – “ကျွန်တော်တို့က ဒီနေ့ပွဲမှာ အကောင်းဆုံးပုံစံနဲ့ မစတင်နိုင်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပွဲနဲ့ ပိုအသားကျလာပြီး ထိပ်တန်း ကစားပုံ တခုကို ပြသနိုင်ခဲ့ပါတယ်။ ၂-၁ ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့က ပွဲကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် ကစားသမားတွေက လောနေခဲ့ပါတယ်။ ကျန်တာကတော့ သမိုင်းကြောင်း ဖြစ်သွားပါပြီ။ အချိန်ပိုမှာလည်း ကျွန်တော်တို့က အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ကျွန်တော်က ကောင်လေးတွေဆီကနေ ဒီထက် ပိုပြီး တောင်းဆိုလို့ မရတော့ပါဘူး။ ကျွန်တော်တို့က တရာသီလုံး တောက်လျှောက် ကစားခဲ့ရတာပါ။ ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲအရေအတွက်ကို ပြန်ရေတွက်ကြည့်ကြပါ။ ပွဲဆက်များနေတာကြောင့် ဒီနေ့ပွဲက ကျွန်တော်တို့ အတွက် ခက်ခဲခဲ့ပါတယ်။ အနိုင်ရသွားတဲ့ ယူနိုက်တက်ကိုတော့ ဂုဏ်ပြုကြောင်း ပြောလိုပါတယ်။ သူတို့က စွန့်စားမှုတွေ လုပ်ခဲ့ပြီး ကျွန်တော်က သူတို့ကို လေးစားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။