မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က မန်ချက်စတာဒါဘီပွဲမှာ ရှုံးပွဲ ကြုံတွေ့ခဲ့ရပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကိုတော့ လက်မလျှော့သေးပဲ လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းက မြို့ခံကလပ် မန်စီးတီးအသင်းကို (3-1)နဲ့ ရှုံးနိမ့်ခဲ့ချိန် အဆင့်(၄)နေရာက အက်စတွန် ဗီလာက လူတန်တောင်းကို အနိုင်ရခဲ့ပြီး အဆင့်(၅)နေရာက စပါးကလည်း နိုင်ပွဲတွေ ပိုင်ဆိုင်ခဲ့လို့ ယူနိုက်တက်နဲ့ အမှတ်တွေ ပြတ်သွားခဲ့ရပါတယ်။

Photo Credit : Sky Sports

အခုဆိုရင် ဗီလာနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ကြား အမှတ်ကွာဟမှုက (၁၁)မှတ်အထိတောင် ရှိသွားခဲ့ရပြီ ဖြစ်သလို ပရီးမီးယားလိဂ်ဘက်ကလည်း လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရင်လို (၄)နေရာစာပဲ ရရှိနိုင်ဖို့ အခြေအနေများတာကြောင့် ဒါက ယူနိုက်တက်အတွက် ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် ယူနိုက်တက် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကတော့ သူတို့အသင်းအနေနဲ့ လုပ်စရာရှိတာတွေ ဆက်လုပ်ရင်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ထားသွားဦးမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဖာနန်ဒက်စ်က “နိုင်ပွဲတစ်ပွဲလောက် မရလိုက်တဲ့ အချိန်တိုင်း ဒါဟာ ဒီကလပ်အသင်းရဲ့ ပျက်ဆီးမှုတစ်ခု ဖြစ်သွားရတယ်။”

Photo Credit : Eurosport

“ဒီကလပ်အသင်းရဲ့ တောင်းဆိုချက်တွေကို သိထားပြီး ကျွန်တော်တို့ ပါဝင်ကစားရတိုင်း ပွဲစဉ်တိုင်း အနိုင်ရချင်ပါတယ်။ မန်စီးတီးနဲ့ပွဲစဉ်မှာ ကျွန်တော်တို့ အနိုင် (၃)မှတ် မရခဲ့ပေမယ့်လည်း ရှေ့ဆက်ကစားရမယ့် ပွဲစဉ်တွေက အများကြီး ကျန်နေပါသေးတယ်။”

“အရာအားလုံးက ကျွန်တော်တို့ လက်ထဲမှာ ရှိမနေတော့ဘူးဆိုတာ သိထားပေမယ့်လည်း တခြားအသင်းတွေလည်း အမှတ်တွေ ဆုံးရှုံးနိုင်သေးတာမို့ ကျွန်တော်တို့ရဲ့ အလုပ်ကို ကျွန်တော်တို့ ဆက်လုပ်သွားရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။