ချယ်လ်ဆီးအသင်းရဲ့ နည်းပြ သောမတ်စ်တူဟယ်လ်က ဒီနေ့ မနက်အစောပိုင်းမှာ လန်ဒန်မြို့ခံကလပ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားခဲ့ရတဲ့ ခြေစမ်းပွဲရဲ့ ရလဒ်အပေါ် စိတ်ပျက်လျက် ရှိနေပြီး သူတို့အသင်းအတွက် အရည်အသွေး ပြည့်ဝတဲ့ ကစားသမားကောင်းတွေကို လိုအပ်နေသေးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Image

Photo Credit : Twitter

ချယ်လ်ဆီးအသင်းဟာ အခုနှစ် နွေဈေးကွက်အတွင်းမှာ တောင်ပံတိုက်စစ်ကစားသမား ရာဟင်စတာလင်နဲ့ ဗဟိုခံစစ်မှူးကြီး ကာလီဒိုကူလီဘလီတို့ကို ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် အသင်းကနေတော့ လူကာကူ ရူဒီဂါ ခရစ္စတန်ဆန်တို့ကို ပြန်လည် ထွက်ခွာသွားခဲ့ကြပြီး လက်ရှိမှာလည်း အလွန်ဆို အက်ဇ်ပီလီကွယ်တာ ဗာနာ ဇီယာ့ရှ်တို့ရဲ့ အနာဂတ်တွေက မရေမရာ ဖြစ်နေရပါတယ်။ ဒီအခြေအနေမှာ ချယ်လ်ဆီးဘက်က ကစားသမားသစ်တွေ ဆက်လက်ဖြည့်တင်းသွားဖို့ လိုအပ်နေပြီး လက်ရှိမှာ အသင်းဘက်က ခံစစ်ပိုင်းကိုသာ ဦးစားပေး နေပေမယ့်လည်း နေရာစုံအတွက် အရည်အသွေးမြင့် ထိပ်တန်း ကစားသမားတွေကို လိုအပ်နေသေးတယ်လို့ တူဟယ်လ်က ပြောဆိုသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

ချယ်လ်ဆီးနည်းပြ တူဟယ်လ်က “အရည်အသွေးရှိတဲ့ ကစားသမားတွေနဲ့ အရည်အသွေးပြည့် ကစားသမား အများအပြားအတွက် ကျွန်တော်တို့တွေ အရေးတကြီး တောင်းဆိုထားပါတယ်။ သံသယဝင်စရာမရှိတဲ့ အရည်အသွေးပြည့် ကစားသမားနှစ်ယောက်ကိုတော့ ကျွန်တော်တို့ ခေါ်ယူထားနိုင်ခဲ့ပြီ။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေ ဒီလိုပုံစံမျိုးနဲ့(အာဆင်နယ်နဲ့ပွဲက ပုံစံမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်)နဲ့ ပြိုင်ပွဲဝင်လို့ မရသေးဘူးဆိုတာကို ဒီနေ့မှာပဲ ခင်ဗျားတို့ မြင်နိုင်မှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လတ်တလောမှာ ခံစစ်ပိုင်းအတွက် ဆီဗီလာနောက်ခံလူ ခွန်ဒဲနဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်နေပြီး ဘာစီလိုနာအသင်းနဲ့ အပြိုင်ကမ်းလှမ်းနေရသလို ကွင်းလယ်ပိုင်းအတွက်ကိုလည်း ဘာစီလိုနာရဲ့ ကွင်းလယ်လူ ဖရန်ကီဒီယွန်းကို မျက်စိကျနေပါတယ်။ တိုက်စစ်ပိုင်းမှာတော့ တီမိုဗာနာရဲ့ မတည်ငြိမ်တဲ့ အခြေအနေကြောင့် ဝက်စ်ဟမ်း နယူးကာဆယ် အဲဗာတန်အသင်းတွေနဲ့ သတင်းထွက်နေတဲ့ လူငယ်တိုက်စစ်မှူးလေး ဘရိုဟာကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားဖို့ ရှိနေသလို အိုင်းယတ်စ် တောင်ပံကစားသမား အန်တိုနီနဲ့ အေစီမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား ရာဖယ်လ်လီယာအိုတို့ကိုလည်း ချိန်ရွယ်လျက် ရှိနေပါတယ်။