အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာက လန်ဒန်မှာ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပကျော့ပွဲတုန်းက ခွင့်ပြုခဲ့ရတဲ့ ပေးဂိုးတွေဟာ ဒုကျော့ပွဲအတွက်ပါ များစွာ သက်ရောက်မှု ရှိခဲ့ရတယ်လို့ ညည်းတွား ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ တွေ့ဆုံခဲ့ကြရင်း ပထမအကျော့ အာဆင်နယ်အိမ်ကွင်းမှာ ကစားတုန်းက တစ်ဖက် (၂)ဂိုးစီ သရေကျခဲ့ပေမယ့် ဘိုင်ယန်ကွင်းမှာ ပြန်ကစားရတဲ့ ဒုတိယအကျော့မှာတော့ အိမ်ရှင် ဘိုင်ယန်က တစ်ဂိုးနဲ့ ကပ်အနိုင်ရရင်း ဆီမီးကို တက်လှမ်းသွားခဲ့ရပါတယ်။

Photo Credit : The Independent

ပထမအကျော့တုန်းက အာဆင်နယ်ဟာ ဆာကာဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ တစ်ဦးချင်း အမှားတွေနဲ့ ဘိုင်ယန်လောက် ဥရောပ အတွေ့အကြုံ နည်းပါးမှုတွေကနေ ဘိုင်ယန်ကို ဂိုးတွေပြန်ပေးပြီးမှ ချေပဂိုး ပြန်သွင်းနိုင်ခဲ့လို့ (၂)ဂိုးစီ သရေကျခဲ့ရတာ ဖြစ်ပါတယ်။ ဒုကျော့မှာလည်း အာဆင်နယ်က ပထမပိုင်း ပုံစံကောင်းပြခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘိုင်ယန်က ကစားပုံပြန်ကောင်းရင်း အနိုင်ဂိုးပါ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒုကျော့ပွဲနဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာက “ပွဲပြီးရလဒ်အပေါ် အရမ်းစိတ်ပျက်မိရပြီး အရမ်းလည်း စိတ်မကောင်းဖြစ်မိရတာ သေချာပါတယ်။ ပထမအကျော့တုန်းက ကျွန်တော်တို့တွေ အလွန်ညံဖျင်းတဲ့ သွင်းဂိုး(၂)ဂိုးကို ခွင့်ပြုပေးလိုက်ရတာက အခုပွဲအတွက်ပါ ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်သွားရတယ်။”

Photo Credit : Arsenal FC

“အခုပွဲရဲ့ ပထမပိုင်း ပွဲချိန်ထဲ ကစားသမားတွေရဲ့ စွမ်းဆောင်မှုကို ကျွန်တော် ဂုဏ်ယူမိပါတယ်။ ပွဲက အမှားလေးတစ်ခု ဒါမှမဟုတ် မှော်ဆန်တဲ့အရာလေးတစ်ခုနဲ့ ပွဲရလ်ဒကို ဆုံးဖြတ်ပေးသွားမယ့် ပုံစံမျိုးလို ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့ ဧရိယာထဲမှာ ကာကွယ်မှုတွေ ကောင်းကောင်း မလုပ်နိုင်ခဲ့သလို ဂိုးသွင်းဖို့ လုံလောက်မှု မရှိခဲ့ရဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။

အခုဆိုရင် အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ခုတည်းသာ အာရုံစိုက်ရတော့မှာဖြစ်ပြီး တစ်ဖက်က မန်စီးတီးလည်း ချန်ပီယံလိဂ်ကနေ လှည့်ပြန်ခဲ့ရပြီ ဖြစ်သလို လီဗာပူးလ်ကလည်း အတ္တလန်တာကို ကျော်ဖြတ်နိုင်ခြေ နည်းပါးတဲ့အတွက် ဒီအသင်း(၃)သင်းလုံးက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် နောက်ဆုံးပွဲတွေအထိ အကြိတ်အနယ် ရှိနိုင်ပါတယ်။