ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ စီးတီးအသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားခဲ့တဲ့ ဝါရင့် အင်္ဂလန်နောက်ခံလူ ကိုင်လီ ဝေါ်ကာက သူတို့အသင်းဘက်ကို အနိုင်ဂိုး တဂိုး သွင်းပေးခဲ့သလို တပွဲလုံးလည်း ခြေစွမ်းပြ ကစားခဲ့တဲ့ ယူနိုက်တက် လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နူးဟာ ယူရို ၂၀၂၄ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ နေရာရသင့်တယ်လို့ ဗိုလ်လုပွဲအပြီး လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဝေါ်ကာရဲ့ မန်ချက်စတာ စီးတီးနဲ့ ကိုဘီ မိုင်နူးတို့ရဲ့ မန်ချက်စတာ ယူနိုက်တက်တို့က အက်ဖ်အေဖလား ဗိုလ်လုပွဲ အဖြစ် ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာ စီးတီးကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ အက်ဖ်အေဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Photo Credit: Transfer Market

သရဲနီတို့ အောင်ပွဲခံနိုင်ခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ကိုဘီ မိုင်နူးက တော်မီနေး ၊ အမ်မရာဘက် ၊ ဘရူနို ဖာနန်ဒက်စ် စတဲ့ ဝါရင့် ကွင်းလယ်လူတွေနဲ့ တွဲဖက်ကာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို ထိန်းကျောင်းခွင့် ရခဲ့ပြီး မိုင်နူးဟာ ယူနိုက်တက် အတွက် အရေးပါတဲ့ ဒုတိယမြောက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သလို တပွဲလုံးမှာ စီးတီးရဲ့ ကွင်းလယ်ကို တောက်လျှောက် ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ကိုဘီ မိုင်နူးက ဗိုလ်လုပွဲမှာ အောင်မြင်တဲ့ ဘောလုံးပေးပို့မှု ၂၁ကြိမ် လုပ်နိုင်ခဲ့ပြီး ဘောလုံးရှင်းထုတ်မှု ၁ကြိမ် ၊ ဘောလုံးလုယူမှု ၄ကြိမ် လုပ်ကာ ခံစစ်ကြောင်းကိုလည်း အကောင်းဆုံး ကူညီနိုင်ခဲ့သလို အနိုင်ဂိုး ၁ဂိုးပါ သွင်းယူပေးခဲ့တာကြောင့် ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Squawka

ဒါကြောင့်ပဲ ဗိုလ်လုပွဲပြီးသွားချိန်မှာ မိုင်နူးရဲ့ လက်ရွေးစင် စီနီယာ ဖြစ်တဲ့ ဝေါ်ကာက ကိုဘီ မိုင်နူးလို အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်ကို ယူရို ၂၀၂၄ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ မြင်ချင်ကြောင်းနဲ့ မိုင်နူးဟာ လက်ရှိခြေစွမ်းတွေကို ယူရို ၂၀၂၄ပြိုင်ပွဲမှာ ဆက်လက် ပြသဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောဆိုလာတာပါ။

ဝေါ်ကာက – “မိုင်နူးဟာ တကယ့် ပါရမီရှင်ပါ။ ဒီရာသီမှာ တောက်လျှောက် ပြသနေတဲ့ ခြေစွမ်းကောင်းတွေကြောင့် သူက အသင်းထဲမှာ (အင်္ဂလန်အသင်းအား ရည်ရွယ်လျက်) ပါဝင်လာဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ သူက ဒီခြေစွမ်းကောင်းတွေကို ယူရိုပြိုင်ပွဲမှာ ဆက်လက် ပြသဖို့လည်း မျှော်လင့်မိပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။