ဒီနေ့ညမှာ ကျင်းပသွားမယ့် မန်ချက်စတာဒါဘီ ပွဲစဉ်အတွင်း ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အင်္ဂလန် အသင်းဖော် မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို သတိထား ကစားသွားရလိမ့်မယ်လို့ မန်စီးတီး နောက်ခံလူ ကိုင် ဝေါ်လ်ကာက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က ဒီရာသီထဲ လိဂ်သွင်းဂိုး တစ်ဂိုးတည်းသာ သွင်းယူထားနိုင်တဲ့အထိ ပုံစံကောင်းတွေ ပျောက်ဆုံးနေရပေမယ့်လည်း သူရဲ့ ခြိမ်းခြောက်မှုတွေကို သတိထားသွားရမယ်လို့ ဝေါ်လ်ကာက သတိပေး ပြောဆိုလာခဲ့ပါတယ်။
Photo Credit : beIN SPORT
ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး ဝေါ်လ်ကာက “မားကပ်စ်က ပြိုင်ဘက် အသင်းတိုင်းလိုလိုအတွက် ပြသာနာတွေကို ဖန်တီးနိုင်စွမ်းရှိတဲ့ တိုက်စစ် ကစားသမားမျ်ိုးဆိုတာကို အချိန်တစ်ခုကြာတဲ့အထိ ပြသထားနိုင်တဲ့သူပါ။ ဆယ်ကျော်သက် အရွယ်မှာကတည်းက ယူနိုက်တက် နဲ့ အင်္ဂလန်အသင်းတို့အတွက် အရေးပါတဲ့ ကစားသမားပါ ဖြစ်လာခဲ့တဲ့သူ။”
“ဘာကြောင့်လဲဆိုတော့ သူက ဘယ်အသင်းကိုမဆို ခြိမ်းခြောက်နိုင်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားလို့ပါပဲ။ သူ့မှာ မတူညီတဲ့ အရည်အသွေးကောင်းတွေ အများကြီး ရှိလို့နေပြီး ဒီ weekend မှာလည်း သူ ကျွန်တော်တို့အသင်းအတွက် ဘယ်လောက်အထိ အန္တရာယ်ပေးနိုင်မလဲ ဆိုတာကိုပါ ကျွန်တော်တို့ သိထားပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
Photo Credit : The Star
ရပ်ရှ်ဖို့ဒ်က ဒီရာသီမှာ သူ ကစားချင်တဲ့ ဘယ်ခြမ်း တိုက်စစ်နေရာကို အကျအန ကစားခွင့် ရရှိခဲ့ပေမယ့်လည်း အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာပဲ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ကျန်တဲ့ပွဲစဉ်တွေမှာတော့ ပုံမှန်ခြေစွမ်း ရရှိဖို့တောင် ရုန်းကန်နေရပါတယ်။
ယူနိုက်တက် ပရိသတ်တွေကလည်း အခုလို ခြေစွမ်းပျောက်ဆုံးနေတဲ့ ရပ်ရှ်ဖို့ဒ်ကို အသင်းရဲ့ လူစာရင်းကနေ ခဏခေါက်ထားဖို့ တိုက်တွန်းနေပေမယ့်လည်း နည်းပြ တန်ဟက်ဂ်ကတော့ ရပ်ရှ်ဖို့ဒ်အပေါ် ယုံကြည်မှုထားပြီး ပွဲတိုင်း ကစားခွင့်ပေးဖို့ လ်ိုအပ်တယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။