ဂျုဗင်တပ်စ်အသင်းရဲ့ ဆာဘီးယား တိုက်စစ်ကစားသမား ဒူဆန်ဗလာဟိုဗစ်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ကစားသမားဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲမှာပဲ အီတလီကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီဖြစ်လို့ ဗလာဟိုဗစ်အပေါ် ကမ်းလှမ်းချက်တိုင်းကို အသေအချာ စဉ်းစားသွားမှာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

Photo Credit : BeSoccer

အီတလီအခြေစိုက် သတင်းမီဒီယာ Il Corriere Dello Sport က ဆာဘီးယားလက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ်အနေနဲ့ လက်ရှိမှာ အနာဂတ် အခြေအနေ လှုပ်ခတ်နေပေမယ့်လည်း လာမယ့် ဇန်နဝါရီလထဲမှာ အသင်းပြောင်းရွှေ့ဖို့ဆိုတာက မဖြစ်နိုင်ဘူးလို့ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် ဗလာဟိုဗစ်ရဲ့ အေးဂျင့်ဖြစ်သူကတော့ ဇန်နဝါရီလအတွင်းမှာပဲ သူ့ကစားသမားရဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်တာကြောင့် ဒီပြောကြားမှုက ဗလာဟိုဗစ်ကို ပစ်မှတ်ထားနေတဲ့ မန်ချက်စတာယူနိုက် အာဆင်နယ် ချယ်လ်ဆီးတို့လို အသင်းတွေအတွက် သတင်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၂)နှစ်အရွယ်ရှိ ဖီအိုရင်တီးနား ကစားသမားဟောင်း ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဆောင်းဈေးကွက်ကမှ ဂျုဗင်တပ်စ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဂျုဗင်တပ်စ်က ဗလာဟိုဗစ်အတွက် အပိုဆုကြေး အပါအဝင် ယူရိုသန်း(၈၀)ထိ ပေးချေခဲ့ရပါတယ်။ လက်ရှိအချိန် ဂျုဗင်တပ်စ်အတွက် ပွဲပေါင်း (၃၆)ပွဲကစား (၁၆)ဂိုး သွင်းယူထားတဲ့ ဗလာဟိုဗစ်က အသင်းရဲ့ ချန်ပီယံလိဂ်ကနေ ပြုတ်လာမှုနဲ့ အသင်းဘဏ္ဍာရေး အခြေအနေတွေကြောင့် အသင်းနဲ့ ပူးပေါင်းပြီး တစ်နှစ်အကြာမှာပဲ ပြန်လည် လက်တွဲဖြုတ်ချင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဖီအိုရင်တီးနားအသင်းမှာ ရှိစဉ်တုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ အာဆင်နယ်အသင်းနဲ့ တိုက်စစ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီး ယူနိုက်တက်အသင်းတို့ပါ အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အာဆင်နယ်အသင်းက ဒဏ်ရာကြောင့် (၃)လဝန်းကျင်လောက် အနားယူရမယ့် ဂျေဇူးနေရာအတွက် ဗလာဟိုဗစ်ကို အလိုရှိနေသလို ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လမ်းခွဲထားတဲ့ ယူနိုက်တက်နဲ့ တိုက်စစ်မှာ အားနည်းချက်တွေ ရှိနေသေးတဲ့ ချယ်လ်ဆီးတို့ကလည်း ဗလာဟိုဗစ်လို တိုက်စစ်ကစားသမားမျိုးကို ခေါ်ယူသွားချင်နေပါတယ်။