စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဗင်နီးရှပ်က ယခုနှစ် ဘောလုံးရာသီ အတွင်းမှာ စပိန်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုကို တောက်လျှောက် ခံနေရတာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာပဲ အသင်းပြောင်းဖို့ စတင် စဉ်းစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၂နှစ် အရွယ် ဘရာဇီးလ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဗင်နီးရှပ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ရီးရဲလ်မက်ဒရစ်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၅၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၃ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၁ကြိမ်လည်း ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Mirror

ဗင်နီးရှပ်က ရီးရဲလ်မက်ဒရစ်ရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် ရီးရဲလ်မက်ဒရစ် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်နေပေမယ့် စပိန်ဘောလုံးပရိသတ် အများစုကတော့ ဗင်နီးရှပ်ကို အမြင်မကြည်ကြပါဘူး။

ပြီးခဲ့တဲ့ တနင်္ဂနွေညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗလင်စီယာ ၁-၀ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာလည်း ဗလင်စီယာရဲ့ ပရိသတ်တွေက ဗင်နီးရှပ်ကို ပွဲစပွဲဆုံး လူမျိုးရေးခွဲခြားမှုတွေ ၊ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပြီး ဗလင်စီယာ ပရိသတ်တွေရဲ့ ဆိုးဝါးတဲ့ အပြုအမူတွေကြောင့် ဗင်နီးရှပ်ဟာ ကွင်းထဲမှာတင် မျက်ရည်ကျခဲ့ရပါတယ်။

ဗင်နီးရှပ်နဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက လူမျိုးရေးခွဲခြားတဲ့ ပရိသတ်တွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ လာလီဂါဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် တေဗက် ဦးဆောင်နေတဲ့ လာလီဂါ ဘောလုံးအဖွဲ့ချုပ်က ဗင်နီးရှပ်အား လူမျိုးရေးခွဲခြားခဲ့တဲ့ ပရိသတ်တွေကို ထိရောက်တဲ့ အရေးယူ အပြစ်ပေးမှုတွေ မလုပ်ခဲ့သလို တေဗက်ကိုယ်တိုင်ကလည်း ဗင်နီးရှပ်ဟာ အပိုတွေ လုပ်နေတယ်လို့ ပြောခဲ့ပါသေးတယ်။

Photo Credit: Sky Sports

တေဗက်နဲ့ လာလီဂါအဖွဲ့ချုပ်ရဲ့ ဥပေက္ခာ ပြုမှုတွေကြောင့် ဗင်နီးရှပ်က လာလီဂါပြိုင်ပွဲမှာ ဆက်မကစားဖို့ စတင် စဉ်းစားလာသလို ဗင်နီးရှပ်ရဲ့ မိသားစုဝင်တွေနဲ့ ကိုယ်စားလှယ်တွေကလည်း ဗင်နီးရှပ်ကို ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာကာ အသင်းပြောင်း ကစားဖို့ တိုက်တွန်း အကြံပေးနေကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဘရူနို အန်ဒရေဒဲလ်ရဲ့ ဖော်ပြချက်အရ ဗင်နီးရှပ်ဟာ သူ့ရဲ့ မိသားစုဝင်တွေနဲ့ တိုင်ပင် ဆွေးနွေးပြီးနောက် ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ စိတ်ဝင်စားလာသလို ဗင်နီးရှပ်ရဲ့ ကိုယ်စားလှယ်တွေက ဗင်နီးရှပ် အတွက် အသင်းသစ်ကို စတင် ရှာဖွေပေးနေကြောင်း သိရပါတယ်။