စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဇီးလ်တို့ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်က မန်ချက်စတာ စီးတီးနဲ့ အင်္ဂလန်တို့ရဲ့ ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာဟာ သူ့ရဲ့ အခက်ခဲဆုံးပြိုင်ဘက် ဖြစ်ကြောင်း အင်္ဂလန် ၀-၁ ဘရာဇီးလ် ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား ၅ဦး စာရင်းထဲမှာ ပါဝင်သူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၈ကြိမ် ရရှိထားပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အသက် ၃၃နှစ် အရွယ် ဝါရင့် ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာကလည်း ကမ္ဘာ့အဆင့် ညာနောက်ခံလူ တဦး ဖြစ်ပြီး သူက မန်ချက်စတာ စီးတီးနဲ့ အင်္ဂလန်တို့ရဲ့ မရှိမဖြစ် ညာနောက်ခံလူ ဖြစ်ကာ ဝေါ်ကာဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ အထိ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပါတယ်။

ဗင်နီးစီးယပ်စ်ရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဝေါ်ကာရဲ့ မန်ချက်စတာ စီးတီးတို့က နိုင်ငံမတူတဲ့ ကလပ်တွေ ဖြစ်ကြပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မကြာခဏ ထိပ်တိုက် တွေ့ဆုံနေတာကြောင့် ရီးရဲလ်ရဲ့ ဘယ်တောင်ပံကို ဦးဆောင် ကစားတဲ့ ဗင်နီးစီးယပ်စ်နဲ့ မန်ချက်စတာ စီးတီးရဲ့ ညာခြမ်းခံစစ်ကို တာဝန်ယူထားရတဲ့ ဝေါ်ကာတို့ဟာ မကြာခဏ ထိပ်တိုက် တွေ့ဆုံခဲ့ကြပါတယ်။

Photo Credit: ESPN

သူတို့နှစ်ဦးရဲ့ ထိပ်တိုက် တွေ့ဆုံမှုက အတော်လေး အကြိတ်အနယ် ရှိပြီး ဗင်နီးစီးယပ်စ်က ဝေါ်ကာကို ကျော်ဖြတ်နိုင်တဲ့ အချိန်တွေ ရှိခဲ့သလို ဝေါ်ကာက ဗင်နီးစီးယပ်စ်ကို တားဆီးနိုင်ခဲ့တဲ့ အချိန်တွေလည်း ရှိပါတယ်။ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဗင်နီးစီးယပ်စ်က အင်္ဂလန် ၀-၁ ဘရာဇီးလ် ပွဲစဉ်မှာ ဒဏ်ရာရသွားတဲ့ ဝေါ်ကာကို အမြန်ဆုံး ပြန်လည် သက်သာစေဖို့ ဆုတောင်းပေးချင်ကြောင်းနဲ့ ဝေါ်ကာဟာ သူ့ရဲ့ အခက်ခဲဆုံးပြိုင်ဘက် ဖြစ်ကြောင်း ဆိုလာပါတယ်။

ဗင်နီးစီးယပ်စ်က – “ဝေါ်ကာ တယောက် ဒဏ်ရာရသွားတာဟာ ဝမ်းနည်းဖို့ ကောင်းပါတယ်။ ကစားသမား တယောက် ကွင်းထဲမှာ ဒဏ်ရာရသွားတိုင်း အဲ့ဒီကစားသမား အပြင် ကွင်းထဲမှာ ကစားနေတဲ့ ကျွန်တော်တို့လို ကျန်တဲ့ ကစားသမားတွေပါ ဝမ်းနည်းရပါတယ်။ ကျွန်တော်တို့က အကောင်းဆုံး ကစားသမားတွေနဲ့ပဲ ယှဉ်ပြိုင်ချင်တာပါ။ ကျွန်တော် ပြောခဲ့သလိုပဲ ဝေါ်ကာက ကျွန်တော် တွေ့ဖူးသမျှ ခံစစ်မှူးတွေထဲမှာ အကောင်းဆုံးပါပဲ။ သူက တယောက်ချင်း ဘောလုံးယှဉ်လုတဲ့ နေရာမှာ အရမ်းတော်ပါတယ်။ သူက ကျွန်တော့်ကို လေးစားသလို ကျွန်တော်ကလည်း သူ့ကို လေးစားမှု အပြည့် ရှိပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံး ကိုယ့်ရဲ့ အသင်းတွေ အတွက် တိုက်ပွဲဝင်နေကြတဲ့ လူတွေပါ” လို့ ပြောကြားသွားခဲ့တာပါ။