ပူပူနွေးနွေး စပိန်စူပါဖလား ချန်ပီယံ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဗင်နီးရှပ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၄-၁ ဘာစီလိုနာ စူပါဖလားဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူပြီးနောက် ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ နာမည်ကျော် အောင်ပွဲခံဟန် ဖြစ်တဲ့ Siuuuနဲ့ အောင်ပွဲခံခဲ့တာက ရိုနယ်ဒိုကို ဂုဏ်ပြုချင်တာကြောင့် ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဗင်နီးရှပ်ရဲ့ ရီးရဲလ်မက်ဒရစ်က ယနေ့မနက် အစောပိုင်းမှာ စပိန်စူပါဖလား ဗိုလ်လုပွဲအဖြစ် မဟာပြိုင်ဘက် ဘာစီလိုနာနဲ့ ဆော်ဒီမြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲကို ဆော်ဒီဘောလုံးလောကရဲ့ ပြယုဂ်လည်းဖြစ် ၊ အယ်နက်ဆာရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ ရီးရဲလ်မက်ဒရစ်ရဲ့ ဂန္တဝင် ကစားသမားလည်း ဖြစ်တဲ့ ရိုနယ်ဒိုက တက်ရောက် ကြည့်ရှုခဲ့ပါတယ်။

Photo Credit: Goal

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က မဟာပြိုင်ဘက်တွေ ဖြစ်သလို ဗိုလ်လုပွဲလည်း ဖြစ်နေတာကြောင့် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြပေမယ့် ဗင်နီးရှပ်ရဲ့ ထူးရှယ် ခြေစွမ်းတွေကြောင့် ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရကာ စပိန်စူပါဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ဗင်နီးရှပ်က ပထမပိုင်း ပွဲကစားချိန် အတွင်းမှာပဲ သွင်းဂိုး ၃ဂိုး အထိ သွင်းယူကာ ဟက်ထရစ် ရရှိခဲ့ပြီး ဗင်နီးရှပ်က သွင်းဂိုးတွေ သွင်းယူပြီးနောက် ရိုနယ်ဒိုရဲ့ နာမည်ကျော် Siuuu အောင်ပွဲခံဟန်ကို လုပ်ကာ အောင်ပွဲခံခဲ့ပါတယ်။

Photo Credit: Goal

ပွဲပြီးဆုံးချိန်မှာတော့ ဗင်နီးရှပ်က သူဟာ ရိုနယ်ဒိုအတွက် Siuuu အောင်ပွဲခံဟန်ကို လုပ်ခဲ့တာ ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ဗင်နီးရှပ်က – “ကျွန်တော်က Siuuu အောင်ပွဲခံဟန်ကို ခရစ္စတီယာနို ရိုနယ်ဒိုအတွက် လုပ်ခဲ့တာပါ။ သူက ကျွန်တော့်ရဲ့  Idolပါ။ ကျွန်တော်က အသင်းဖော်တွေရဲ့ ခြေစွမ်းကို အရမ်း သဘောကျပါတယ်။ ကျွန်တော်တို့တွေက ရီးရဲလ်မက်ဒရစ်မှာ ထူးခြားတဲ့ အရာတွေကို လုပ်ပြနေတာပါ။ ဆော်ဒီမှာ ရှိတဲ့ လူတိုင်းက ကျွန်တော့်ကို အမြဲတမ်း ချစ်ပေးကြတဲ့ လူတွေပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။