ဘောလုံးသမိုင်းမှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဇလာတန် အီဘရာဟီမိုဗစ်ရဲ့ သားဖြစ်သူ ဗင်းဆင့် အီဘရာဟီမိုဗစ်က သူ့အဖေရဲ့ ခြေရာကို လိုက်နင်းကာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

အီဘရာဟီမိုဗစ်က ဇနီးသည် ဟီလီနာ ဆီဂါနဲ့အတူ သား ၂ဦး ပိုင်ဆိုင်ထားပြီး သားအကြီးက မက်ဆီမီလျန် အီဘရာဟီမိုဗစ် ဖြစ်ကာ သားအငယ်ကတော့ ဗင်းဆင့် အီဘရာဟီမိုဗစ်ပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အီဘရာဟီမိုဗစ်က သူ့ရဲ့ ကစားသမား ဘဝကို သူ အချစ်ရဆုံးကလပ် အေစီမီလန်မှာပဲ အဆုံးသတ်ခဲ့သလို မကြာခင်မှာပဲ အေစီမီလန်ရဲ့ အားကစားဆိုင်ရာ တာဝန်ရှိသူ တဦး အဖြစ် တာဝန် ထမ်းဆောင်ဖို့ စီစဉ်ထားသလို သူ့ရဲ့ သားနှစ်ဦးကိုလည်း အေစီမီလန် အကယ်ဒမီမှာပဲ ဘောလုံးပညာကို သင်ယူခိုင်းထားပါတယ်။

အီဘရာဟီမိုဗစ်ရဲ့ သားအကြီး မက်ဆီမီလျန်က လက်ရှိမှာ အေစီမီလန် ယူ-၁၇အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားသလို သားအငယ် ဗင်းဆင့် အီဘရာဟီမိုဗစ်ကလည်း အေစီမီလန်ရဲ့ ယူ-၁၄အသင်းမှာ ကစားနေပါတယ်။

Photo Credit: AC Milan Samper

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ဆွီဒင် ယူ-၁၅အသင်းက ဗင်းဆင့် အီဘရာဟီမိုဗစ်ရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် ယူ-၁၅အသင်း လက်ရွေးစင် အဖြစ် ရွေးချယ်လိုက်ပြီး မကြာခင်မှာ ဗင်းဆင့် အီဘရာဟီမိုဗစ်က သူ့ရဲ့ဖခင်လို ဆွီဒင်လက်ရွေးစင် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

ဆွီဒင် ယူ-၁၅အသင်းရဲ့ နည်းပြချုပ် အိတ်ဇဲလ် ကာယဲလ်ကတော့ ဗင်းဆင့် အီဘရာဟီမိုဗစ်ဟာ ဘောလုံးပေးပို့မှု ကောင်းသလို လိုအပ်ရင် သွင်းဂိုးတွေပါ သွင်းယူနိုင်တဲ့ ကွင်းလယ်လူကောင်း တဦး ဖြစ်တာကြောင့် လက်ရွေးစင်အသင်း အတွက် ရွေးချယ်ခဲ့တာလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားထားပါတယ်။