ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရရှိထားတာကြောင့် ဥရောပဝင်ခွင့် ရဖို့ နီးစပ်နေတဲ့ အက်စ်တွန်ဗီလာက သူတို့အသင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့မှာ တောက်ပနေတဲ့ တောင်ပံတိုက်စစ် ကစားသမား ရော်ဂျာကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြလာခဲ့ပါတယ်။

စပိန်နာမည်ကြီးနည်းပြ အူနိုင်း အမ်မရီ ဦးဆောင်နေတဲ့ အက်စ်တွန်ဗီလာက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး ၊ အာဆင်နယ် ၊ လီဗာပူး စတဲ့ ထိပ်သီးအသင်းတွေနဲ့ အပြိုင် ရလဒ်တွေ တောက်လျှောက် ကောင်းနေပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၂၁) အပြီးမှာ ရမှတ် ၄၃မှတ်နဲ့ အဆင့်(၃)နေရာကို ရောက်နေပါတယ်။

Photo Credit: Standard

အက်စ်တွန်ဗီလာက အဆင့်(၃)နေရာကို ရောက်နေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အခြေအနေ ကောင်းနေသလို အဆင့်(၁)နေရာမှာ ရှိနေတဲ့ လီဗာပူးနဲ့လည်း ရမှတ် ၂မှတ်သာ ကွာဟနေတာကြောင့် ချန်ပီယံဆုကိုပါ ချိန်ရွယ်နိုင်တဲ့ အနေအထားပါ။

ဒါကြောင့်ပဲ အက်စ်တွန်ဗီလာရဲ့ တာဝန်ရှိသူတွေက  ဥရောပဝင်ခွင့် ရဖို့နဲ့ ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နိုင်ဖို့ ယခု ဆောင်းဈေးကွက် အတွင်းမှာ အသင်းကို တတ်နိုင်သမျှ အင်အားဖြည့်တင်းရန် ဆုံးဖြတ်ထားကာ ဗီလာရဲ့ ကင်းထောက်တွေက အရည်အသွေးမြင့် ကစားသမားတွေကို လိုက်လံ ရှာဖွေ ချိတ်ဆက်နေကြပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ အက်စ်တွန်ဗီလာက မစ်ဒယ်ဘရော့ကြယ်ပွင့် ရော်ဂျာကို ခေါ်ယူဖို့ အသင်းနဲ့ရော ၊ ကစားသမားနဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေပြီး ဗီလာဟာ မကြာခင်မှာပဲ ရော်ဂျာအတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှုကို လုပ်လိမ့်မယ်လို့ သိရပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် ယူ-၂၁လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရော်ဂျာက ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်သလို လိုအပ်ရင် အထောင်တိုက်စစ်မှာပါ ကစားနိုင်စွမ်း ရှိပြီး သူက ယခုနှစ်ရာသီမှာ မစ်ဒယ်ဘရော့အတွက် ပြိုင်ပွဲစုံ ၃၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူပေးထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် ရရှိထားပါတယ်။