ဖူလ်ဟမ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းနည်းပြ စတီဗင်ဂျရတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အက်စတွန်ဗီလာအသင်းက လစ်လပ်သွားတဲ့ အသင်းနည်းပြနေရာမှာ အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီနဲ့ အစားထိုးသွားဖို့အတွက် ဆက်သွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : TEAMtalk

လီဗာပူးလ် ဂန္တဝင် ကစားသမားဟောင်းကြီး ဂျရတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာပဲ ဗီလာနည်းပြကို လက်ခံခဲ့ပြီး ပရီးမီးယားလိဂ် ဘောလုံးနယ်ပယ်ထဲကို နည်းပြတစ်ဦးအဖြစ် ပြန်လည် ရောက်ရှိလာခဲ့ပေမယ့် သူရဲ့ဗီလာနည်းပြသက်တမ်း တစ်နှစ်မပြည့်ခင်လေးမှာပဲ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။ စကော့ကလပ် ရိန်းဂျားစ်ကို ရှုံးပွဲမရှိ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂျရတ်ဟာ ဗီလာမှာတော့ ပွဲပေါင်း (၄၀) ကိုင်တွယ်ပြီးချိန်မှာ သူရဲ့ နိုင်ပွဲရာခိုင်နှုန်းက (၃၂.၅)%သာ ရှိခဲ့ပြီး လက်ရှိမှာလည်း အသင်းက အမှတ်ပေးဇယားရဲ့ အဆင့်(၁၇)ထိကို ရောက်ရှိနေရပါတယ်။

Photo Credit : CaughtOffside

ဒီလို အခြေအနေတွေကြောင့် ဗီလာဘက်က ဂျရတ်ကို အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်လိုက်ရတာ ဖြစ်သလို ဂျရတ်နေရာမှာ အစားထိုးဖို့အတွက်လည်း ဗီလာရီးယဲလ်နည်းပြ အူနိုင်းအမ်မရီကို ချိန်ရွယ်နေပါတယ်။ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ စပိန်လူမျိုး ဘောလုံးနည်းပြ အမ်မရီဟာ နည်းပြဘဝအတွင်း ဗလင်စီယာ စပါးတပ်မော်စကို ဆီဗီလာ ပီအက်စ်ဂျီ အာဆင်နယ် ဗီလာရီးယဲလ်အသင်းတွေမှာ ကိုင်တွယ်ခဲ့ပြီး ယူရိုပါလိဂ်ဖလားတွေကို အကြိမ်ကြိမ် ရယူနိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီလို အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နည်းပြအမ်မရီကို ဗီလာအသင်းက အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ သတင်းထွက်လာခဲ့ရပြီး အမ်မရီအနေနဲ့ သူ တစ်နှစ်ခွဲလောက် ကျင်လည်ခဲ့ဖူးတဲ့ အင်္ဂလန်မြေနဲ့ ပရီးမီးယားလိဂါပြိုင်ပွဲဆီ တစ်ကျော့ပြန် ပြန်ရောက်လာနိုင်မလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရပါမယ်။