မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အက်စတွန် ဗီလာရဲ့ ပင်တိုင်ဂိုးသမားဖြစ်သူ အီမီလီယာနို မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မထင်မှတ်ထားတဲ့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပေမယ့် ဒီကမ်းလှမ်းချက်ကို ဗီလာအသင်းဘက်က ချက်ချင်းပဲ ငြင်းဆန် ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိကြုံတွေ့နေရတဲ့ ဂိုးသမားပြဿနာကို ဖြေရှင်းဖို့အတွက် ဖြေရှင်းချက်တစ်ခုအနေနဲ့ အာဂျင်တီးနားဂိုးသမား အီမီ မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့နည်းပြရူဘင် အမိုရင်ဟာ လွန်ခဲ့တဲ့သုံးနှစ်က အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားရအောင် ပင်နယ်တီမှာ ကယ်တင်မှုတွေနဲ့ စွမ်းဆောင်ပေးခဲ့တဲ့ မာတီနက်ဇ်ကို ခေါ်ယူလိုခဲ့ပေမယ့် သူ့ရဲ့ ယာယီခေါ်ယူလိုတဲ့ အစီအစဉ်ကို ဗီလာပါ့ခ်က တာဝန်ရှိသူတွေက ချက်ချင်းပဲ ပယ်ချခဲ့ပါတယ်။
Photo Credit : Aston Villa
မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ဗီလာရဲ့နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာ အသင်းပြောင်းတော့မယ့်ပုံစံမျိုး ခံစားချက်ပြင်းတဲ့ နှုတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အသင်းသစ်ကို ပြောင်းရွှေ့တော့မယ်လို့ လူအများက ကောက်ချက်ချခဲ့ကြပါတယ်။ ဗီလာအသင်းက ပေါင်သန်း(၄၀) တန်ဖိုးသတ်မှတ်ထားတဲ့ အာဆင်နယ်ဂိုးသမားဟောင်းဟာ ဒီနွေရာသီမှာ ဆော်ဒီအာရေဗျက ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ထားခဲ့သူဖြစ်ပါတယ်။
Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့စနေ တနင်္ဂနွေ ပိတ်ရက်တွေမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး မန်ချက်စတာကလပ်က မာတီနက်ဇ်ကို အငှားနဲ့ခေါ်ယူလိုတဲ့အကြံကို ဗီလာအသင်းထံ တင်ပြခဲ့ရာမှာ ဗီလာဘက်က ဒါဟာ ဖြစ်လာမှာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
Photo Credit : Goal
စိတ်ဝင်စားစရာကတော့ ဗီလာဂိုးသမား မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ ယူနိုက်တက်ရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာပဲ အနီကတ်ပြခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ယူနိုက်တက်က ၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့် အူနိုင်း အမ်မရီရဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ပြီး ယူရိုပါလိဂ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
အဲ့ဒီရှုံးပွဲအပြီးမှာ နည်းပြအမ်မရီဟာ မာတီနက်ဇ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အမေးခံရရာမှာ “ကျွန်တော်မသိပါဘူး။ သူက ကျွန်တော်တို့နဲ့ စာချုပ်ရှိပါတယ်။ ကျွန်တော်တို့ သူနဲ့ရှိနေတာကို အရမ်းပျော်ပြီး နွေရာသီမှာ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။” လို့ ဖြေကြားခဲ့ပါတယ်။ မာတီနက်ဇ် ထွက်ခွာမယ့်အကြောင်း ဆွေးနွေးမှုတွေ ရှိသလားလို့ ထပ်မေးမြန်းရာမှာတော့ “ကျွန်တော်မသိဘူး။ သူ့ကိုပဲ မေးကြည့်လိုက်ပါ။” လို့ အမ်မရီက ဆိုခဲ့ပါတယ်။