အက်စတွန် ဗီလာအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ နယ်သာလန် ဘယ်နောက်ခံကစားသမားလေး အီယန် မတ်ဆန်ကို ခေါ်ယူသွားဖို့အတွက် ချယ်လ်ဆီးနဲ့ပါ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ နာမည်ကျော် ဗြိတိန်လူမျိုး ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိန်းက သတင်းဖော်ပြသွားခဲ့ပါတယ်။
အသက် (၂၂)နှစ်သာ ရှိနေသေးတဲ့ နယ်သာလန် လက်ရွေးစင် နောက်ခံအစွန်လူ မတ်ဆန်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကတည်းက PSV လူငယ်အကယ်ဒမီကနေ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးက မတ်ဆန်ကို အသင်းမှာ ပွဲအနည်းငယ်သာ ကစားခွင့်ပြုကာ ချာတန် ကိုဗင်ထရီ ဘန်လေနဲ့ ဒေါ့မွန်အသင်းတွေဆီ အငှားပို့ဆောင်ခဲ့ပါတယ်။
Photo Credit : Fear The Wall
မတ်ဆန်ဟာ ဘန်လေမှာ အငှားနဲ့ သွားကစားစဉ်ကတည်းက သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့ရင်း ဘန်လေကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ တွန်းတင်ပေးနိုင်သလို ပြီးခဲ့တဲ့ရာသီ ဒေါ့မွန်ဆီ ရာသီလက်ကျန်ထိ အငှားနဲ့ ပြောင်းရွှေ့ရင်း ဒေါ့မွန်ကိုပါ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ထိပါ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီလို အကောင်းဆုံး စွမ်းဆောင်ခဲ့ရင်း နယ်သာလန်ရဲ့ ယူရို ကစားသမားစာရင်းမှာ အရွေးမခံရတဲ့ မတ်ဆန်ဟာ ကံကောင်းထောက်မစွာနဲ့ပဲ ဒဏ်ရာရနေတဲ့ ဖရန့်ကီ ဒီဂျောင်ရဲ့နေရာအတွက် အစားထိုး ရွေးချယ်ခံလိုက်ရပြီး အခုဆိုရင်လည်း မတ်ဆန်က နယ်သာလန်နဲ့အတူ ယူရို-၂၀၂၄ပြိုင်ပွဲကြီးကို ပါဝင် ဆင်နွဲလျက် ရှိနေပါတယ်။
Photo Credit : TEAMtalk
တကယ်တော့ မတ်ဆန်ကို ခေါ်ယူဖို့ တကယ်ကြိုးပမ်းနေတာက ဒေါ့မွန်အသင်းဖြစ်ပြီး အငှားသက်တမ်း ပြည့်ချိန်မှာ အပြီးသတ် ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ မတ်ဆန်နဲ့ ပတ်သက်ပြီး ဗီလာက ဒေါ့မွန်ကို နောက်ကောက်ချလိုက်နိုင်ပြီဖြစ်ပြီး သဘောတူညီမှုပါ ရရှိလိုက်ပြီ ဖြစ်ပါတယ်။
မတ်ဆန်နဲ့ ချယ်လ်ဆီးတို့ကြားမှာ ပေါင် (၃၅)သန်းတန် စာချုပ်ဖျက်သိမ်းကြေး ရှိလို့နေပြီး အခု ဗီလာက မတ်ဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၃၇.၅)သန်းနဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဗီလာက မတ်ဆန်ကိုလည်း (၆)နှစ်စာချုပ်နဲ့ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ကစားသမားနဲ့လည်း နောက်ဆုံးအကြိမ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို ချယ်လ်ဆီးကလည်း ဒီအပြောင်းအရွှေ့ရဲ့ ဆက်စပ်ကာ ဗီလာကနေ တိုက်စစ်မှူး ဂျွန် ဒူရန်ကိုပါ ခေါ်ဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။