အက်စတွန်ဗီလာအသင်းကတော့ သူတို့ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ်ဇ်ရဲ့ တန်ကြေးကို ပေါင် သန်း(၁၁၀)အဖြစ် ဈေးသတ်မှတ်ထားတယ်လို့ Football Transfer ကနေ ဖော်ပြလာခဲ့ပါတယ်။

မန်စီးတီး ကစားသမားဟောင်းဖြစ်တဲ့ လူးဝစ်ဇ်ကို အာဆင်နယ်အသင်းအပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းများစွာက ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပြီး ဗီလာကတော့ သူတို့ရဲ့ အဓိက ကစားသမားဖြစ်သူကို လက်မလွတ်ရဖို့ အခုလို ကြေးတင်ထားလိုက်တာလည်း ဖြစ်ပါတယ်။

Photo Credit : Chiesa Di Totti

အသက် (၂၅)နှစ်အရွယ် လူးဝစ်ဇ်ဟာ ဗီလာအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ဘရာဇီးလ်ကလပ် ဗက်စကိုဒါဂါးမားမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ကာ ၂၀၁၇မှာ မန်စီးတီးဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် လူးဝစ်ဇ်က စီးတီးမှာ ကစားခွင့်မရပဲ လာလီဂါကလပ် ဂျီရိုနာမှာသာ အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။

(၂)နှစ်အကြာမှာတော့ လူးဝစ်ဇ်က မန်စီးတီးကနေ ဗီလာအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်မှာ သူရဲ့ ကစားသမားဘဝကို စတင်ခွင့် ရရှိခဲ့ပါတယ်။ အခုတော့ လူးဝစ်ဇ်ဟာ ဗီလာနဲ့အတူ ပရီးမီးယားလိဂ် ပွဲပေါင်း (၁၅၂)ထိ ကစားပေးထားနိုင်ခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲစုံ (၁၇၀)ပွဲအထိ ကစားပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Football365

အာဆင်နယ်အသင်းက ဒီနွေမှာ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး အသင်း ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းထားပေမယ့်လည်း နောက်ထပ် ကွင်းလယ်လူ တစ်ဦးကိုပါ ထပ်မံ ဖြည့်တင်းချင်တဲ့အတွက် လူးဝစ်ဇ်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။

ဒီအချိန်မှာ ဗီလာအနေနဲ့ လက်ရှိအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အထိ မျှော်မှန်းရနိုင်တဲ့ အခြေအနေမှာ ရှိနေသလို ကွန်းဖရန့်စ်လိဂ်မှာလည်း နောက်တစ်ဆင့် တက်လှမ်းထားနိုင်ပြီဖြစ်နေတာကြောင့် လူးဝစ်ဇ်လို အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားချင်နေပြီး တကယ်လို့ လိုချင်တယ်ဆိုရင် ပေါင် သန်း(၁၁၀)နဲ့ ကမ်းလှမ်းမှပဲ လက်ခံစဉ်းစားပေးသွားမယ်လို့ တုံ့ပြန်ထားပါတယ်။