အက်စတွန် ဗီလာအသင်းရဲ့ ဂိုးသမား အီမီ မာတီနက်ဇ်ဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှားလုပ်ခဲ့ပြီး အသင်းကို စောစီးစွာ ဂိုးပေးလိုက်ရတဲ့အတွက် ဗီလာပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပွဲစတင်ပြီး မကြာခင်မှာပဲ မန်စီးတီး တိုက်စစ်ကစားသမား အိုမာ မာမွတ်ရှ်က ဘယ်ခြမ်းကနေ ဗီလာရဲ့ခံစစ်ကို ဖြတ်ကျော်ပြီး ဘာနာဒို ဆေးလ်ဗားဆီ ဘောလုံးဖြန့်ပေးခဲ့ပါတယ်။ ဆေးလ်ဗားရဲ့ ကန်သွင်းမှုဟာ မာတီနက်ဇ်ဆီ တည့်တည့်ရောက်လာခဲ့ပြီး ဒီဘောလုံးကို အာဂျင်တီးနားဂိုးသမားအနေနဲ့ လွယ်လွယ်ကူကူ ကာကွယ်နိုင်သင့်ပေမယ့် သူ့ရဲ့အားနည်းတဲ့ ကာကွယ်မှုကြောင့် ဘောလုံးဟာ ဗီလာဂိုးပေါက်ထဲ လိမ့်ဝင်သွားခဲ့ပါတယ်။

Photo Credit : ESPN FC

ဒီအမှားကြောင့် ဗီလာပရိသတ်တွေဟာ လူမှုကွန်ရက် X (ယခင် Twitter) မှာ သူတို့ရဲ့စိတ်ပျက်မှုကို ဖွင့်ဟပြသခဲ့ကြပါတယ်။ @Brady05203811 က “အမ်မီ မာတီနက်ဇ်က တကယ့်ကို မိုက်မဲလွန်းတယ်။ ဘယ်လိုလုပ်ပြီး အပတ်တိုင်း ဒီလိုအမှားမျိုးတွေ လုပ်နိုင်ရတာလဲ။” လို့ ရေးသားခဲ့ပါတယ်။ @Abdull_tjay ကတော့ “မာတီနက်ဇ်က ဒီလိုအမှားတွေနဲ့ အကောင်းဆုံးဂိုးသမားလို့ ပြောလို့မရဘူး။ ထိပ်တန်း ၅ ဦးထဲတောင် မပါဘူး။ ကိုပါအမေရိကမှာ ပင်နယ်တီ ကာကွယ်တာကလွဲရင် သူက သာမန်ပဲ။” လို့ ဝေဖန်ခဲ့ပါတယ်။

@tdnightingale က “ဒီရာသီမှာ မာတီနက်ဇ်ရဲ့ ဒီလိုအမှားမျိုး ပထမဆုံးအကြိမ်မဟုတ်တော့ဘူး။ ဒီလိုဂိုးမျိုး သူမပေးသင့်ဘူး။” လို့ ထောက်ပြခဲ့ပါတယ်။ @jimmytozer ကတော့ “မာတီနက်ဇ်ရဲ့ နောက်ထပ်အမှားတစ်ခု။ သူက ထိပ်တန်းအဆင့်မဟုတ်ဘူး။” လို့ ဆိုပါတယ်။ @AryanNaik134 ကတော့ ကမ္ဘာ့ဖလားဆုရှင်ဂိုးသမားကို “အကျိုးမရှိတဲ့ ဂိုးကာကွယ်မှု” လို့ ခေါ်ဆိုပြီး “မာတီနက်ဇ် မင်းကို ငါတော့ မကာကွယ်ပေးတော့ဘူး။” လို့ ရေးသားခဲ့ပါတယ်။

Photo Credit : Goal

မာတီနက်ဇ်ရဲ့ အမှားရှိခဲ့ပေမယ့် ဗီလာဟာ ပွဲချိန်(၁၈)မိနစ်မှာ မားကပ်စ် ရပ်ရှ်ဖို့ဒ်ရဲ့ ပင်နယ်တီဂိုးနဲ့ ချေပဂိုးရခဲ့ပါတယ်။ နည်းပြ အူနိုင်း အမ်မရီက ဒီပွဲမှာ တိုက်စစ်မှူး အိုလီ ဝက်ကင်းစ်ကို အရန်မှာသာ ထားခဲ့ပြီး ရပ်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ် နံပါတ် ၉ နေရာမှာ အသုံးပြုခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဗီလာဟာ ရပ်ရှ်ဖို့ဒ်ရဲ့ ပင်နယ်တီ ချေပဂိုးနဲ့ပဲ ပွဲကစားချိန် မိနစ်(၉၀)လောက်အထိ တစ်ဂိုးစီ သရေကျအောင် ကစားထားနိုင်ခဲ့ပေမယ့်လည်း မန်စီးတီး တောင်ပံကစားသမား ဒိုကူရဲ့ ပေးပို့မှုကနေ မာသီးယပ်စ် နူးနက်စ်က စီးတီးအတွက် အဖိုးတန် အနိုင်ဂိုးကို ပွဲပြီးခါနီး မိနစ်ပိုင်းလေး အလိုမှာပဲ သွင်းယူပေးခဲ့လို့ ဗီလာတို့ ရှုံးပွဲတွေ့ခဲ့ရပါတယ်။