အက်စတွန် ဗီလာအသင်းရဲ့ နည်းပြဖြစ်သူ အူနိုင်း အမ်မရီကတော့ ဗီလာ ကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ အင်္ဂလန် တိုက်စစ် ကစားသမား တမ်မီ အေဘရာဟမ်ကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ဖို့ စီစဉ်နေတယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။
အသက် (၂၆)နှစ်အရွယ်ရှိ တိုက်စစ်မှူး အေဘရာဟမ်ဟာ အသက် (၈)နှစ် အရွယ်ကတည်းက ချယ်လ်ဆီး လူငယ် အကယ်ဒမီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ချယ်လ်ဆီး စီနီယာအသင်းအတွက် ကစားခွင့် မရရှိခင်မှာပဲ ဘရစ္စတိုးလ် ဆွမ်ဆီး နဲ့ ဗီလာတို့မှာပါ အငှားနဲ့ ကျင်လည်ခဲ့ရပါသေးတယ်။
Photo Credit : We Ain’t Got No History
အေဘရာဟမ်ဟာ ဗီလာအသင်းမှာ ကစားခဲ့ရတဲ့ ဘောလုံးရာသီအတွင်း ဗီလာအတွက် လိဂ်ချန်ပီယံရှစ် သွင်းဂိုး (၂၅)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို အသင်းကိုလည်း ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ တန်းတက်နိုင်အောင်ပါ လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ရိုးမားအသင်းဆီ ရောက်ရှိနေရတဲ့ အေဘရာဟမ်ဟာ ACL Injury ကြောင့် ကာလရှည်ကြာ အနားယူနေရရင်း ဒီရာသီ ရိုးမားအသင်းအတွက် တစ်ပွဲမှ မကစားနိုင်သေးပဲ ဒဏ်ရာကနေ သက်သာလာဖို့ကိုသာ ဆက်လက် လုပ်ဆောင်လျက် ရှိနေပါတယ်။
Photo Credit : Trasnfermarket
ရိုးမားအသင်းကလည်း အသင်းရဲ့ တိုက်စစ်မှာ လူကာကူ ဘယ်လော့တီတို့လို ကစားသမားတွေ ရှိနေတာမို့ အေဘရာဟမ် ဒဏ်ရာကနေ သက်သာလာရင်တောင် အသင်းမှာ နေရာပေးဖို့ မသေချာတော့တာကြောင့် အေဘရာဟမ်ရဲ့ အနာဂတ် အခြေအနေက လှုပ်ခတ်လာခဲ့ရပါတယ်။
ဒါကြောင့် အေဘရာဟမ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး လာမယ့်နွေဈေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖို့ ရှိနေရာ ဒီအသင်းတွေထဲမှာ အေဘရာဟမ်ရဲ့ အသင်းဟောင်း ဗီလာလည်း ပါဝင်လာခဲ့သလို ဗီလာနည်းပြ အမ်မရီကလည်း အေဘရာဟမ်ကို အလိုရှိလာခဲ့ပါတယ်။