အာဆင်နယ်အသင်းဟာ အသင်းပရိသတ်တွေ မျှော်လင့်နေတဲ့ တိုက်စစ်မှူးသစ်ကို နောက်ဆုံးမှာတော့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး စပို့တင်း လစ္စဘွန်းအသင်းရဲ့ ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်ကို အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း မကြာခင် တရားဝင် ကြေညာနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့အတွက် အာဆင်နယ်ဟာ ကနဦးပြောင်းရွှေ့ကြေး ယူရို(၆၃.၅)သန်းကို ပေးချေရမှာဖြစ်ပြီး နောက်ပိုင်းမှာ ခြေစွမ်းနဲ့ ဆုဖလားအောင်မြင်မှုတွေပေါ်မူတည်ပြီး အပိုဆုကြေး ယူရို(၁၀)သန်း ထပ်မံပေးချေရမှာ ဖြစ်ပါတယ်။

Photo Credit : Score90 Instagram

စပို့တင်းအသင်းက ဆွီဒင်တိုက်စစ်မှူးကို ခရီးသွားလာခွင့်ပြုလိုက်ပြီဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ ဆေးစစ်မှုကို စနေနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အသက်(၂၇)နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းရဲ့ ဂန္ထဝင်ကစားသမားနဲ့ ဂိုးသွင်းအများဆုံး သီယာရီ အွန်နရီ ဝတ်ဆင်ခဲ့တဲ့ အထင်ကရ ဂျာစီနံပါတ် (၁၄)ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

ယိုကယ်ရက်စ်ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ကိုသာ တစ်စိုက်မတ်မတ် အာရုံစိုက်ခဲ့ပြီး တခြားကလပ်တွေက နောက်ကျပြီးမှ စိတ်ဝင်စားမှုပြသခဲ့ပေမယ့် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပါဘူး။ သူ့ရဲ့အေးဂျင့်ကတောင်မှ ဒီအပြောင်းအရွှေ့ အဆင်ပြေစေဖို့အတွက် သူရရှိမယ့် ကော်မရှင်ကြေးကို လျှော့ယူပေးခဲ့ပြီး ကစားသမားနဲ့ အာဆင်နယ်တို့ (၅)နှစ်စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ကိုင် ဟားဗက်ဇ်နဲ့ ဂါဘရီရယ် ဂျေးဇူးစ်တို့ ဒဏ်ရာရခဲ့တဲ့အတွက် အာဆင်နယ်ဟာ တိုက်စစ်မှူးစစ်စစ်မရှိဘဲ ရာသီရဲ့ အချိန်တော်တော်များများကို ဖြတ်သန်းခဲ့ရပါတယ်။ ရလဒ်အနေနဲ့ ပရီးမီးယားလိဂ်မှာ တတိယရာသီဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ချန်ပီယံ လီဗာပူးလ်အသင်းထက် (၁၀)မှတ်လျော့ (၁၇)ဂိုးလျော့နည်းပြီး ရာသီသိမ်းခဲ့ရပါတယ်။

ယိုကယ်ရက်စ်ဟာ ပြီးခဲ့တဲ့ရာသီက စပို့တင်းအသင်းအတွက် ပြိုင်ပွဲစုံ (၅၂)ပွဲမှာ (၅၄)ဂိုးအထိ သွင်းယူပြခဲ့ပြီး ဥရောပရဲ့ ဝယ်လိုအားအများဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာခဲ့တာကြောင့် အာဆင်နယ်က သူ့ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာပါ။