အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ် တိုက်စစ်မှူး ဗစ်တာ ယိုကီရက်စ်ဟာ စပို့တင်း လစ္စဘွန်းအသင်းကနေ အမ်းမရိတ်စ်ကွင်းဆီ ပြောင်းရွှေ့ဖို့ အပြင်းအထန် ကြိုးစားနေပြီး အာဆင်နယ်အသင်းဖော်သစ် ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ဘူကာယို ဆာကာကိုလည်း ချီးကျူးပြောဆိုလိုက်ပါတယ်။ အာဆင်နယ်နဲ့ စပို့တင်းအသင်းတို့ဟာ ဆွီဒင်တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၇၀)အထိ ရှိနိုင်တဲ့ အပြောင်းအရွှေ့အတွက် ဆက်လက်ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။

ယိုကီရက်စ်ဟာ France Football မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ လက်ရှိဘောလုံးလောကမှာ သူ့ကို အထင်ကြီးစေတဲ့ ကစားသမားတွေအကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီထဲမှာ သူဟာ ဆာကာ၊ ဂါဘရီရယ်နဲ့ ဆာလီဘာတို့လို အာဆင်နယ်က ကြယ်ပွင့်ကစားသမားတွေကို အထူးတလည် ထည့်သွင်း ချီးကျူးခဲ့ပါတယ်။

Photo Credit : Just Arsenal

“ဟုတ်ကဲ့၊ အထင်ကြီးစရာ ကစားသမားတွေ အများကြီးပါ။ အထူးသဖြင့် အင်္ဂလိပ်ကလပ်တွေမှာပေါ့။ မန်စီးတီးက ဘာနာဒို ဆေးလ်ဗားနဲ့ ကိုဗာဆစ်တို့လို ကွင်းလယ်လူတွေ အာဆင်နယ်က ဆာကာလို ကစားသမားတွေက ကြည့်လို့ကောင်းလွန်းပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်မှာ ကျွန်တော် ရင်ဆိုင်ခဲ့ရတဲ့ ဂါဘရီရယ်နဲ့ ဆာလီဘာတို့လို နောက်တန်းကစားသမားတွေကလည်း အရမ်းကို ထိပ်တန်းအဆင့်မှာ ရှိပါတယ်။” လို့ ယိုကီရက်စ်က ပြောခဲ့ပါတယ်။

ယိုကီရက်စ်ဟာ ဘရိုက်တန်အသင်းမှာ ကစားခဲ့ဖူးပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တစ်ပွဲမှ ပါဝင်ကစားခွင့် မရခဲ့ပါဘူး။ ဒါကြောင့် အင်္ဂလန်မြေကို ပြန်လာကစားခွင့်ရတာဟာ သူ့အတွက် “ကလဲ့စားချေခြင်း” တစ်ခုဖြစ်လိမ့်မယ်လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ “ပရီးမီးယားလိဂ်က ဥရောပရဲ့ အကြီးဆုံးလိဂ်တွေထဲက တစ်ခုပါ။ ကျွန်တော် အဲဒီမှာ နှစ်တော်တော်ကြာ နေခဲ့ပေမဲ့ တစ်ပွဲမှတောင် မကစားခဲ့ရဘူး။ ဒါကြောင့် အဲဒီကို ပြန်သွားကစားခွင့်ရဖို့ အရမ်းဆန္ဒရှိပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အကောင်းဆုံး ပြန်လည်ကလဲ့စားချေခြင်းတစ်ခု ဖြစ်လာမှာပါ။” လို့ သူက ဆိုပါတယ်။

Photo Credit : FourFourTwo

သူ့ရဲ့ အံ့မခန်း ဂိုးသွင်းစွမ်းရည် (စပို့တင်းအတွက် ၁၀၂ ပွဲမှာ ၉၇ ဂိုး) ကြောင့် အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက သူ့ကို အာဆင်နယ်ရဲ့ တိုက်စစ်ကို ဦးဆောင်ဖို့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။ဒီအပြောင်းအရွှေ့ အမြန်ဆုံးဖြစ်မြောက်ဖို့အတွက် ယိုကီရက်စ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်တဲ့ စပို့တင်းအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်ကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဒီနေ့မှာ အသင်းက ရာသီကြိုလေ့ကျင့်ရေးစခန်းအတွက် အယ်လ်ဂါဗီကို ထွက်ခွာမှာဖြစ်ပေမဲ့ သူ လိုက်ပါလာမှာ မဟုတ်ဘူးလို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။

သူဟာ စပို့တင်းအသင်းအတွက် နောက်ဆုံးပွဲကို ကစားပြီးသွားပြီလို့ ယုံကြည်ထားပြီး အပြောင်းအရွှေ့ နောက်ဆုံးအခြေအနေကို သူ့ရဲ့ဇာတိမြို့ စတော့ဟုမ်းကနေပဲ ထိုင်စောင့်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းကနေ ထွက်ခွာဖို့ ဖြစ်နိုင်ခြေရှိလားလို့ မေးမြန်းရာမှာတော့ “ဖြစ်နိုင်ပါတယ်။ ဒါက ဘောလုံးပါပဲ။ ဘာဖြစ်လာမလဲ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။ ကျွန်တော် အဲ့ဒီအကြောင်း သိပ်မစဉ်းစားပါဘူး။ အရေးကြီးဆုံးကတော့ ကျွန်တော့်ကို တကယ်လိုချင်တဲ့ ကလပ်အသင်းအတွက် ကစားပေးဖို့ပါပဲ” လို့ သူက ဖြေကြားခဲ့ပါတယ်။