အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ပက်ထရစ် ဗီအဲရာက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ပြိုင်ဘက် ပီအက်စ်ဂျီအသင်းကို Comeback လုပ်ပြီး အနိုင်ပြန်ယူနိုင်လိမ့်မယ်လို့ တစ်ရာ ရာခိုင်နှုန်း သေချာကြောင်း ယုံကြည်မှုအပြည့်နဲ့ ပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ မနက်ဖြန်ညမှာ ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်း ပက်ခ် ဒက်စ် ပရင့်စ်ကွင်းကို သွားရောက်ရမှာဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့က အမ်းမရိတ်စ်ကွင်းမှာ အူစမန် ဒမ်ဘီလီရဲ့ ပွဲအစ (၄)မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ ရှုံးနိမ့်ထားမှုကို ပြန်လည် ကျော်ဖြတ်နိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။
Photo Credit : Goal
အာဆင်နယ်အသင်းရဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီအတွင်း အကြီးမားဆုံး ပွဲစဉ်ကြီး မတိုင်မီမှာ ကလပ်ရဲ့ ဂန္တဝင် ကစားသမားကြီး ဗီအဲရာက လက်ရှိ မီခေးလ် အာတီတာရဲ့ အသင်းက ပြန်လည် အနိုင်ယူနိုင်လိမ့်မယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် သူက လက်ရှိ ကစားသမားအစုအဖွဲ့ဟာ ဂန်းနားတို့ရဲ့ သမိုင်းတစ်လျှောက် အထင်ရှားဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ၂၀၀၃-၀၄ ခုနှစ်က ရှုံးပွဲမရှိ အသင်း (Invincibles) ရဲ့ အဆင့်အတန်းနဲ့ နီးစပ်နေပြီဖြစ်ကြောင်းလည်း ဆိုခဲ့ပါတယ်။
The Telegraph သတင်းစာနဲ့ အင်တာဗျူးမှာ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ် ကွင်းလယ်လူဟောင်း ဗီအဲရာက “ရိုးရိုးသားသား ပြောရရင် သူတို့(အာဆင်နယ်) Comeback လုပ်ပြီး ပြန်လာနိုင်လိမ့်မယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်တယ်။ ပြီးတော့ ကစားသမားအုပ်စုနဲ့ နည်းပြကလည်း သူတို့ ပြန်လာနိုင်တယ်ဆိုတာကို သိနေကြတယ်ဆိုတာကို ကျွန်တော် တစ်ရာ ရာခိုင်နှုန်း သေချာတယ်။အဲ့ဒီအပေါ်မှာ သံသယ လုံးဝ မရှိဘူး။”
Photo Credit : Goal
“သူတို့ အဝေးကွင်းမှာ အမှားအယွင်းမရှိ ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲကို ကစားပြရလိမ့်မယ်။ သူတို့ အရင်ကလည်း ဒီလို လုပ်ပြခဲ့ဖူးတယ်၊ ပြီးတော့ သူတို့မှာ ဒီလိုလုပ်ပြနိုင်စွမ်းရှိတဲ့ အရည်အသွေးမြင့် ကစားသမားတွေ ပိုင်ဆိုင်ထားတယ်။ သူတို့မှာ အခွင့်အရေးကောင်းတွေ ရှိနေတုန်းပဲ။ သူတို့မှာ မျှော်လင့်ချက်တွေ ရှင်သန်နေတုန်းပဲ။” လို့ ပြောကြားခဲ့ပါတယ်။
သူက ဆက်လက်ပြီး “အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဖလားကို ဘယ်နှစ်ကြိမ်တောင် ဆွတ်ခူးနိုင်ခဲ့ဖူးလို့လဲ?။ ဒါကြောင့် ဒီလက်ရှိ ကစားသမားအုပ်စုသာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် သူတို့ဟာ ရှုံးပွဲမရှိ အသင်းလောက်ကို အမှတ်ရနေကြမှာပါ။ ဘာလို့လဲဆိုတော့ သူတို့က ကလပ်အသင်းအတွက် တကယ်ကို အထူးခြားဆုံး အရာတစ်ခုကို အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့လို့ပဲ ဖြစ်တယ်။ ကျွန်တော့်အတွက်တော့ သူတို့ဟာ ရှုံးပွဲမရှိ အသင်းလောက် အရေးပါပြီး ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်း ဖြစ်လာပါလိမ့်မယ်” လို့ ဆိုပါတယ်။