ဒီရာသီမှာ စီးရီးအေကလပ် နာပိုလီအသင်းအတွက် အကောင်းဆုံး တောက်ပထားနိုင်တဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဗစ်တာအိုဆင်မန်က တစ်နေ့နေ့မှာ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပါဝင် ကစားရဖို့က သူရဲ့ အိမ်မက်တစ်ခု ဖြစ်တယ်လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Jose Mourinho sends warning to Victor Osimhen over Premier League transfer

Photo Credit : 90Min

အသက်(၂၄)နှစ်အရွယ် နိုင်ဂျီးရီးယား ဂိုးသွင်းစက် အိုဆင်မန်ဟာ ဒီရာသီမှာ နာပိုလီအသင်းအတွက် စီးရီးအေသွင်းဂိုး (၁၉)ဂိုးအထိ သွင်းယူထားပြီး နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စကူဒက်တို ချန်ပီယံဆုကို ရယူပေးနိုင်အောင် အဓိကနေရာကနေ စွမ်းဆောင်နေတာ ဖြစ်ပါတယ်။ ဒီရာသီအတွင်း ပြိုင်ပွဲစုံ (၂၆)ပွဲကစားထားရင်း (၂၁)ဂိုးအထိ သွင်းယူထားနိုင်တဲ့ အိုဆင်မန်ကို မန်ယူနိုက်တက် အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်းတွေက ပစ်မှတ်ထားလာခဲ့ပြီး အိုဆင်မန်ကတော့ သူ့အနေနဲ့ နာပိုလီနဲ့သာ ရှေ့ဆက်သွားချင်ပေမဲ့ တစ်နေ့နေ့မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ အရောက်လာချင်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Forbes

“တစ်နေ့မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပါဝင် ကစားခွင့်ရချင်နေတဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်လာနိုင်အောင် ကျွန်တော် အစွမ်းကုန် အားထုတ် ကြိုးပမ်းနေပါတယ်။ ဒါဟာ လုပ်ငန်းစဉ်အတိုင်းဖြစ်ပြီး ဒီ အရှိန်အဟုန်မျိုးကို ဆက်ထိန်းထားချင်ပါတယ်။ စီးရီးအေပြိုင်ပွဲကလည်း ကမ္ဘာ့ထိပ်တန်းလိရဂ် (၅)ခုထဲမှာ တစ်ခု အပါအဝင်ဖြစ်ပြီးတော့ ဒါဟာလည်း ကျွန်တော့်အတွက် အံ့သြစရာ ခံစားချက်မျိုး ဖြစ်နေစေပါတယ်” အိုဆင်မန်က ပြောဆိုသွားခဲ့ပါတယ်။ လိုင်လီကစားသမားဟောင်း အိုဆင်မန်ဟာ ၂၀၂၀ခုနှစ်ကတည်းက နာပိုလီအသင်းဆီကို ရောက်ရှိနေတာဖြစ်ပြီး ဒီရာသီက နာပိုလီ ကစားသမားဘဝထဲ အကောင်းဆုံးသော ရာသီတစ်ခု ဖြစ်နေရပါတယ်။

Photo Credit : Forbes

လက်ရှိမှာ နာပိုလီနဲ့အတူ စီးရီးအေ အမှတ်ပေးချန်ပီယံဆုနဲ့ စီးရီးအေရဲ့ ဂိုးသွင်းအများဆုံး ဆုတို့ကို ဆွတ်ခူးနိုင်ဖွယ် ရှိနေတဲ့ အိုဆင်မန်ဟာ ချန်ပီယံလိဂ်ဘက်မှာလည်း နာပိုလီအသင်းနဲ့အတူ ကွာတားဖိုင်နယ်အထိ တတ်လှမ်းနိုင်ဖို့ အခြေအနေကောင်းနေရပြီး ဘယ်လောက်အထိ ဆက်လက် စွမ်းဆောင်ပြနိုင်ဦးမလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်။