ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လေဗာကူဆင်ရဲ့ အဓိက တိုက်စစ်မှူး ဘိုနီဖေ့စ်က သူဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ကို တဘဝလုံး အားပေးခဲ့တဲ့ အမာခံ ပရိသတ် တဦး ဖြစ်ကြောင်း အင်တာဗျူး တခုမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး ဘိုနီဖေ့စ်က ယခုနှစ် ဘောလုံးရာသီ အစကမှ ဘယ်လ်ဂျီယံကလပ် ယူနီယံ ကနေ လေဗာကူဆင်ဆီ ပြောင်းရွှေ့ကြေး ယူရို ၂၀.၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက အချိန်တိုအတွင်းမှာ အသင်းသစ်နဲ့ အထိုင်ကျကာ လေဗာကူဆင်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Standard

ဘိုနီဖေ့စ်က ယခုနှစ် ဘောလုံးရာသီမှာ လေဗာကူဆင် အတွက် ပြိုင်ပွဲစုံမှာ ၂၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၆ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၈ကြိမ် ရရှိထားပြီး ဘောလုံးရေးရာ သုံးသပ်သူတွေက ဘိုနီဖေ့စ်ကို ဘွန်ဒက်လီဂါရဲ့ နွေရာသီ အကောင်းဆုံး ခေါ်ယူမှုလို့တောင် တင်စားနေကြပါတယ်။

တဖက်မှာတော့ အာဆင်နယ်က ခရစ္စမတ်နေ့မတိုင်မီ အထိ ရလဒ်ကောင်းတွေ တောက်လျှောက် ရခဲ့ပေမယ့် ခရစ္စမတ်ပွဲကျပ်ကာလ အလွန်မှာ အဓိက တိုက်စစ်ကစားသမားတွေ ခြေစွမ်းကျဆင်းလာတာကြောင့် ယခု ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် တဦး ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Transfer Market

အာဆင်နယ်ရဲ့ ကင်းထောက်တွေက လေဗာကူဆင်နဲ့ တောက်ပနေတဲ့ ဘိုနီဖေ့စ်ရဲ့ ခြေစွမ်းကို လေ့လာ အကဲခတ်မှုတွေ လုပ်ထားပြီး ဘိုနီဖေ့စ်ကတော့ အင်တာဗျူး တခုမှာ သူဟာ ငယ်စဉ်ကတည်းက အာဆင်နယ်ကို အားပေးခဲ့သူ ဖြစ်ကြောင်း ဝန်ခံခဲ့သလို အာဆင်နယ် ကနေ လေဗာကူဆင်ဆီ ပြောင်းလာတဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာကလည်း ပရော်ဖက်ရှင်နယ် ဆန်တဲ့ ကွင်းလယ်လူ ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

ဘိုနီဖေ့စ်က – “ကျွန်တော့်အကြောင်းကို ပြောရမယ် ဆိုရင် ကျွန်တော်က အာဆင်နယ်ပရိသတ်ပါ။ ငယ်ငယ်လေးထဲက အာဆင်နယ်ကို အားပေးခဲ့ပါတယ်။ ဂရာနစ် ချာကာကတော့ အတွေ့အကြုံ များပြီး ရင့်ကျက်တဲ့ ကွင်းလယ်လူပါ။ သူက အရမ်း အရမ်းကို ပရော်ဖက်ရှင်နယ် ဆန်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။