ရာဖယ်လ် ဗာရန်းဟာ လက်ရှိမှာ သူရဲ့ အနာဂတ် ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်ပေါ်နေပြီး အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်နေပေမယ့်လည်း သူ့အနေနဲ့ကတော့ အသင်းမှာ ပွဲကစားခွင့်တွေ ဆက်လက် နည်းပါးနေမှသာ အသင်းကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

အသက် (၃၀)အရွယ် ပြင်သစ် လက်ရွေးစင် ဝါရင့် နောက်ခံလူ ဗာရန်းဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ အောင်မြင်မှုတွေ များစွာ ရယူနိုင်ခဲ့ပြီး ၂၀၂၁ခုနှစ်ကမှ ရီးယဲလ်ကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Livescore

ရီးယဲလ်မှာ legend ကစားသမားအဖြစ် ဖြတ်သန်းဖြစ်ခဲ့ရတဲ့ ဗာရန်းဟာ ယူနိုက်တက်မှာလည်း ခံစစ်ပိုင်းကို ဦးဆောင်သူ ဖြစ်ခဲ့ရပေမယ့်လည်း ဒီရာသီမှာတော့ ဗာရန်းက မက်ဂွိုင်းယား လင်ဒီလော့ဖ် အီဗန်စ်တို့ရဲ့နောက် အရန်ကစားသမား အဖြစ်နဲ့သာ ပါဝင်နေရပါတယ်။

ဒီလို အခြေအနေမှာ ဗာရန်းကို ဘိုင်ယန်မြူးနစ် အပါအဝင် ကလပ်အသင်းများစွာက စိတ်ဝင်စားလာခဲ့ပြီး လာမယ့် ဆောင်းရာသီ ဈေးကွက်ဖွင့်ချိန်မှာပဲ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းလာခဲ့ပါတယ်။ ဗာရန်းကိုယ်တိုင်ကလည်း ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Red Devil Armada

ဒီလို သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဗာရန်းကတော့ အသင်းပြောင်းဖို့ထက် ယူနိုက်တက်မှာသာ ဆက်လက် ကစားချင်နေတာဖြစ်ပြီး တကယ်လို့ အခုလို ပွဲကစားခွင့်တွေ ဆက်ပြီး နည်းပါးနေမှပဲ ယူနိုက်တက်နဲ့ လက်တွဲဖြုတ်သွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ ဒီနောက်ပိုင်း ပွဲစဉ်တွေအတွင်း ဗာရန်းက အရန်ကစားသမားအဖြစ်နဲ့သာ ဆက်တိုက် အသုံးပြုနေပြီး ဒီဇင်ဘာ ပွဲကျပ်ကာလတွေမှာပါ အခုလို အရန်အဖြစ်ပဲ ရှိနေမယ်ဆိုရင်တော့ ဆောင်းဈေးကွက်မှာ ဗာရန်းတစ်ယောက် အသင်းပြောင်းသွားနိုင်ပါတယ်။