ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုနောက်ခံလူ ဗာရန်းက သူတို့အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်နိုင်ကြောင်း ယနေ့ညမှာ ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် ၊ ဂါလာတာစာရေး ၊ ကိုပင်ဟေဂင် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး အဖွင့်ပွဲအဖြစ် ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၄-၃ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Goal

လာမယ့် ဗုဒ္ဓဟူးနေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက်က အုပ်စု ဒုတိယပွဲ အဖြစ် ဂါလာတာစာရေးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး အဆိုပါပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ညမှာ ပြုလုပ်ခဲ့ကာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့အတူ အဓိက ခံစစ်မှူး ဗာရန်းကလည်း သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေ လွန်မြောက်ချင်ရင် ဂါလာတာစာရေးကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေသလို တဖက်မှာလည်း အဖွင့်ပွဲမှာ ကိုပင်ဟေဂင်ကို အမှတ်ခွဲပေးထားရတဲ့ ဂါလာတာစာရေးကို ဘိုင်ယန်မြူးနစ်နဲ့ ယူနိုက်တက်တို့ကို ကျော်ဖြတ်ကာ ရှုံးထွက်အဆင့်ဆီ တက်ချင်ရင် အိုးထရက်ဖို့ဒ်မှာ ရှုံးပွဲမတွေ့အောင် ကစားရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

လက်ရှိခြေစွမ်းတွေအရ မန်ချက်စတာ ယူနိုက်တက်က ဂါလာတာစာရေးကို အသာစီး ရဖို့ မလွယ်ကူပေမယ့် အိမ်ကွင်းဖြစ်သလို ကတ်စ်မဲရိုးနဲ့ ဗာရန်းတို့လို ချန်ပီယံလိဂ် အတွေ့အကြုံရင့် ကစားသမားတွေ ရှိနေတာကြောင့် ဂါလာတာစာရေးကို အနိုင်ရဖို့ ရာခိုင်နှုန်း များနေပြီး ဗာရန်းကတော့ သူတို့အသင်းရဲ့ ကစားသမား အင်အားဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ လုံလောက်မှု ရှိကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဗာရန်းက – “ကျွန်တော်တို့အသင်းရဲ့ ကစားသမား အင်အားက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် လုံလောက်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ကျွန်တော်တို့က စုစုစည်းစည်းနဲ့ ကောင်းကောင်းမွန်မွန် ကစားပြနိုင်ဖို့ပဲ လိုတာပါ” လို့ ပြောကြားသွားခဲ့တာပါ။