ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်တဲ့ ပြင်သစ် ဝါရင့် ခံစစ်ကစားသမား ရာဖယ်လ် ဗာရန်းဟာ အီတလီ စီးရီးအေ တန်းတက်ကလပ် ကိုမိုအသင်းဆီကို (၂)နှစ် + (၁)နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိသွားတော့မယ်လို့ ဖေဘရီဇီယို ရိုမာနိုက သတင်းထုတ်ပြန်လာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ခံစစ်မှူးကြီး ဗာရန်းဟာ ဒီနွေမှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှာ ထပ်မံ သက်တမ်းတိုးမြှင့်ခြင်း မရှိတော့ပဲ အသင်းကနေသာ ထွက်ခွာလာခဲ့ပါတယ်။

Photo Credit : Transfermarket

ဒီလို free agent player ဖြစ်သွားခဲ့တဲ့ အတွေ့အကြုံရင့် ကစားသမားကြီး ဗာရန်းကို ဆော်ဒီလိဂ်နဲ့ မေဂျာလိဂ် ကလပ်အသင်းတွေအပြင် ဥရောပက ကလပ်အသင်းတွေပါ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားခဲ့ရင်းကနေ နောက်ဆုံးမှာတော့ စီးရီးအေ တန်းတက်ကလပ် ကိုမိုက ဗာရန်းကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာခဲ့တာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာ အာဆင်နယ် ချယ်လ်ဆီးတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ဖာဘရီဂတ်စ် ကိုင်တွယ်နေတဲ့ ကိုမိုအသင်းဟာ စီးရီးအေ ပြိုင်ပွဲကြီးဆီ တန်းတက်လာချိန်မှာ အသင်းရဲ့ ကစားသမားအင်အားကို တောင့်တင်းနေစေဖို့အတွက် ဝါရင့် ကစားသမားကြီးတွေ အများအပြားကို ခေါ်ယူဖြည့်တင်းလို့နေပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာတော့ ကိုမိုအသင်းဟာ လီဗာပူးလ်နဲ့ ဗ်ီလာရီးယဲလ် ကစားသမားဟောင်းတွေဖြစ်တဲ့ ဂိုးသမား ရိန်နာနဲ့ နောက်ခံအစွန်လူ မော်ရီနိုတို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားခဲ့ပြီး ရိုးမားအသင်းရဲ့ အီတလီ တိုက်စစ်မှူး ဘယ်လော့တီကိုပါ နွေဈေးကွက် အစမှာပဲ ခေါ်ယူထားခဲ့ပါသေးတယ်။

ဒီလို ဝါရင့် ကစားသမားတွေကို ခေါ်ယူထားတဲ့ ကိုမိုဟာ အခုလည်း ဗာရန်းလို ကမ္ဘာ့အဆင့် နောက်ခံကစားသမားကြီးကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပြီး ဗာရန်းကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။