မန်ချက်စတာ ယူနိုက်တက်နဲ့ ပြင်သစ်လက်ရွေးစင် အသင်းတို့ရဲ့ အဓိက ခံစစ်မှူး ဗာရန်းကတော့ သူ့ရဲ့ နိုင်ငံလက်ရွေးစင် အသင်းဖော် တဦး ဖြစ်သူ ဒမ်ဘီလီ တယောက် ဒီရာသီမှာ ဘာစီလိုနာနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်နေတဲ့ အပေါ် ဝမ်းသာမိကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဗဟိုခံစစ်မှူး ဗာရန်းက ယခုနှစ် ဘောလုံးရာသီမှာ အာဂျင်တီးနား ခံစစ်မှူး မာတီနက်ဇ်နဲ့ တွဲဖက်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူနဲ့ မာတီနက်ဇ်တို့ရဲ့ ခံစစ်အတွဲဟာ ၅ပွဲ တွဲကစားထားရာ ၅ပွဲစလုံးကို အနိုင်ရထားကာ ပေးဂိုးကလည်း ၂ဂိုးသာ ရှိထားသလို ဂိုးမပေးရတဲ့ပွဲ ၃ပွဲ အထိ ရှိနေပါတယ်။

Photo Credit: Marca

တဖက်မှာတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီး အချိန်မှ စတင်ကာ ဘာစီလိုနာ အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်လာတဲ့ ဒမ်ဘီလီဟာ နွေဈေးကွက် အတွင်းမှာ ဘာစီလိုနာနဲ့ စာချုပ်သစ် ပြန်ချုပ်ပြီးတဲ့နောက် သူ့ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ပြသထားနိုင်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဒမ်ဘီလီဟာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက ဒေါ့မွန်ရဲ့ ဒမ်ဘီလီ ပြန်လာပြီလို့ သုံးသပ်ကာ ဒမ်ဘီလီကို ချီးကျူးနေကြပြီး ဒမ်ဘီလီရဲ့ နိုင်ငံအသင်းဖော် ဗာရန်းကလည်း ဒမ်ဘီလီ တယောက် အခုလို ခြေစွမ်းကောင်းတွေ ပြန်ရနေတဲ့ အပေါ် ဝမ်းသာမိကြောင်း ပြောကြားသွားပါတယ်။

Photo Credit: Marca

ဗာရန်းက – “ကျွန်တော်က ဒမ်ဘီလီ တယောက် အခုလို ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်နေတဲ့ အပေါ် အတော်လေး ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့က သူဟာ ဘာစီလိုနာနဲ့အတူ တောက်ပနေတာကို မြင်တွေ့လာကြရပါပြီ။ ဒမ်ဘီလီဟာ အရမ်းကို ထူးခြားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမားပါ။ လူပုဂ္ဂိုလ် တဦးအနေနဲ့ ပြောရရင်တော့ ကျွန်တော်က ဒမ်ဘီလီဟာ အမြဲတမ်း ပျော်ရွှင်နေတဲ့ လူတယောက်လို့ ပြောချင်ပါတယ်။ သူ့ကို ကြည့်လိုက်ရင် အမြဲတမ်းကို ပျော်နေတာပါပဲ။ ပြီးတော့ သူက သူ့ရဲ့ ပျော်ရွှင်မှုတွေကို အသင်းဖော်တွေဆီ ကူးစက်စေပါတယ်။ သူက တည်ငြိမ်တဲ့ ကစားသမား တယောက်လည်း ဖြစ်ပါတယ်။ သူက တိတ်တိတ်ဆိတ်ဆိတ်လည်း နေတတ်ပါတယ်။ အခုတော့ သူက အကောင်းဆုံး ကြံ့ခိုင်မှုကို ပြန်လည် ရှာတွေ့ခဲ့ပါပြီ။ ကျွန်တော်တို့ အားလုံး သူ့အတွက် ပျော်နေကြပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။