ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ နယ်သာလန် နာမည်ကြီးကလပ် ဖီယင်နုရဲ့ လူငယ်အသင်း နည်းပြအဖြစ် တာဝန်ယူ လုပ်ကိုင်နေတဲ့ ရော်ဘင် ဗန်ပါစီကတော့ ယမန်နေ့မှာပဲ ဖီယင်နုကနေ မန်ချက်စတာ ယူနိုက်တက်ဆီ အပြီးသတ် ပြောင်းရွှေ့သွားတဲ့ မာလာစီယာဟာ မန်ချက်စတာ ယူနိုက်တက်မှာ ခြေစွမ်းပြ ကစားနိုင်လိမ့်မယ်လို့ ရဲရဲကြီး အာမခံသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေတဲ့ ဘယ်နောက်ခံနေရာ အတွက် အေဂျက်မှာ ရှိနေစဉ်ကတည်းက သူ သဘောကျခဲ့တဲ့ မာလာစီယာကို မန်ချက်စတာ ယူနိုက်တက်ဆီ အမိအရ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဘယ်နောက်ခံလူ မာလာစီယာက မြန်နှုန်းမြင့် ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ ဘယ်နောက်ခံလူ တဦး ဖြစ်ပြီး လုပ်အားနှုန်းလည်း ကောင်းမွန်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အတွက် ကောင်းမွန်တဲ့ အင်အား ဖြည့်တင်းမှု တရပ် ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က မာလာစီယာအတွက် ဖီယင်နုထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + အပိုဆုကြေး ယူရို ၂သန်း ပေးချေခဲ့ရပါတယ်။

မာလာစီယာက ဖီယင်နုအတွက် ပြိုင်ပွဲစုံမှာ ၁၃၆ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဖီယင်နုမှာ မာလာစီယာနဲ့အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဗန်ပါစီကတော့ မာလာစီယာဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု တရပ် ဖြစ်သလို မာလာစီယာက မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိကကျတဲ့ ကစားသမား တဦး ဖြစ်လာလိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

ဗန်ပါစီက – “အရင်ဆုံး မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့တဲ့ မာလာစီယာကို ဂုဏ်ပြုချင်ပါတယ်။ ကောင်လေး… မင်းက ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်ကို ခံစားလိုက်ရတာပါ။ ပြီးတော့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကိုလည်း သတင်းကောင်း ပေးချင်ပါတယ်။ ပရိသတ်ကြီးက မာလာစီယာရဲ့ ကစားပုံကို ကြည့်ပြီး ပျော်ရွှင်ရမယ် ဆိုတာ သေချာပါတယ်။ မာလာစီယာက ပါရမီ ရှိတဲ့ ကစားသမား တဦး ဖြစ်သလို အသင်းအတွက် ရေကုန်ရေခမ်း ကြိုးစားမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် သူက အသင်းနဲ့ အံဝင်ခွင်ကျ ဖြစ်သွားမယ် ဆိုတာ ကျွန်တော့်ဘက်က ရဲရဲကြီး အာမခံရဲပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။