လက်စတာ စီးတီးအသင်း ချန်ပီယံရှစ်ပြိုင်ပွဲဆီသို့ တန်းဆင်းသွားခဲ့ရပြီးနောက် နည်းပြ ရုဒ် ဗန် နစ္စတယ်ရွိုင်းက သူ့အနေနဲ့ အလွန်အမင်း စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းမှာ သူ ဆက်ရှိနေမလားဆိုတဲ့ အနာဂတ်နဲ့ ပတ်သက်လို့တော့ မသေချာ မရေရာသေးကြောင်း ဝန်ခံခဲ့ပြီး သူကိုင်တွယ်ခဲ့တဲ့ ကာလအတွင်း ဆုံးဖြတ်ချက်တွေအတွက် နောင်တမရဘူးလို့ ဆိုပါတယ်။
“တကယ်ကို စိတ်ပျက်စရာပါပဲ။ ဒီအခြေအနေကို မရောက်ခင် ရက်သတ္တပတ်တွေ အများကြီး ကြိုးစားခဲ့ရပါတယ်” လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက စတိဗ် ကူးပါးရဲ့နေရာမှာ အစားထိုး တာဝန်ယူခဲ့တဲ့ ဗန် နစ္စတယ်ရွိုင်းက ပြောပါတယ်။ သူဟာ လက်စတာကို ပရီးမီးယားလိဂ် (၂၁)ပွဲ ကိုင်တွယ်ခဲ့ရာမှာ (၂)ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ “ကျွန်တော်တို့မှာ ရှိသမျှ မျှော်လင့်ချက် အစအနလေးတိုင်းအတွက် အမြဲတမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရာသီကို အကောင်းဆုံးနည်းနဲ့ အဆုံးသတ်နိုင်ဖို့ ကျန်နေတဲ့ပွဲတွေကို ဆက်လက် အသုံးချသွားရမှာပါ။” လို့ လက်စတာ နည်းပြက ဆက်ပြောပါတယ်။
Photo Credit : The Indcpendent
သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိတဲ့ ဗန် နစ္စတယ်ရွိုင်းက “ကျွန်တော့်ရဲ့ တာဝန်ကို ယူပြီး အနာဂတ်နဲ့ နောက်ရာသီအတွက် အကောင်းဆုံး ဖြစ်နိုင်တာတွေကို လုပ်ဆောင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ ဘရိုက်တန် လီဗာပူးလ်တို့နဲ့ ကစားခဲ့တဲ့ ပွဲတွေက ကစားသမားတွေ ကြိုးစားလိုစိတ် ရှိနေကြတယ် ဆိုတဲ့ လက္ခဏာတွေပါပဲ။ ကျွန်တော်တို့ တာဝန်ယူရပါမယ်။ အဲ့ဒါကပဲ လာမယ့် (၅)ပတ်အတွင်း ကျွန်တော် လုပ်ဆောင်သွားမယ့်အရာ ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ဘာဆက်ဖြစ်မလဲ ကြည့်ရမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။
ဒတ်ချ်လူမျိုး နည်းပြကြီးက အသင်းရဲ့ အကြီးပိုင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ရက်သတ်မှတ်ထားတာ မရှိသေးပေမယ့် မကြာခင်မှာ ဆွေးနွေးမှုတွေ ပြုလုပ်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ထုတ်ဖော်ပြောပါတယ်။ သူဟာ (၂၁)ပွဲမှာ ရမှတ် (၈)မှတ်သာ ရယူနိုင်ခဲ့ပြီး သူ့အရင် နည်းပြ စတိဗ် ကူးပါးကတော့ (၁၂)ပွဲမှာ (၁၀)မှတ် ရယူပေးနိုင်ခဲ့ပါတယ်။ အသက်(၄၈)နှစ်အရွယ် နစ္စတယ်ရွိုင်းက ဒီနည်းပြ အလုပ်ဟာ သူထင်ထားတာထက် အများကြီး ပိုမို ခက်ခဲခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
Photo Credit : LCFC
“ရမှတ်တွေက ကျွန်တော်တို့ ရသင့်တယ်လို့ ထင်ထားတာထက် ရမှတ်တွေ နည်းခဲ့ပါတယ်” လို့ သူက ပြောပါတယ်။ “ကျွန်တော်တို့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ပြောခဲ့သလိုပဲ အရမ်းကောင်းတဲ့ ခြေစွမ်းပြနိုင်ခဲ့တဲ့ ပွဲတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကိုယ့်စွမ်းဆောင်ရည် အပြည့်အဝ မပြသနိုင်ခဲ့တဲ့ ပွဲတွေလည်း ရှိခဲ့တယ်။ ပွဲ(၃၃)ပွဲလုံးခြုံကြည့်ရင် တန်းတက်လာတဲ့ အသင်း(၃)သင်းရဲ့ အဆင့်အတန်းနဲ့ ကျန်(၁၇)သင်းကြားက ကွာဟမှုက အရမ်းကြီးမားခဲ့ပါတယ်။ အသင်း(၂)သင်းက တန်းဆင်းသွားပြီ။ နောက်တစ်သင်းကလည်း (၅)ပွဲကစားဖို့ ကျန်သေးပေမယ့် (၁၅)မှတ် ကွာနေတယ် ဆိုတာက အရည်အသွေးပိုင်းမှာ ရှင်းရှင်းလင်းလင်း ကွာခြားနေတယ်ဆိုတဲ့ ပထမဆုံးနဲ့ အရေးကြီးဆုံး ကောက်ချက်ပါပဲ” လို့ သူက သုံးသပ်ပါတယ်။
လက်စတာဟာ အိမ်ကွင်း လိဂ်ပွဲစဉ်တွေမှာ (၉)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့တဲ့ ပထမဆုံး ထိပ်တန်းလိဂ် သမိုင်းတစ်လျှောက် အသင်း ဖြစ်လာခဲ့ပြီ၊ အိမ်ကွင်းမှာ နောက်ဆုံး ဂိုးသွင်းနိုင်ခဲ့တာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖြစ်ပါတယ်။ ဒါပေမယ့် နစ္စတယ်ရွိုင်းကတော့ သူလုပ်ဆောင်ခဲ့တဲ့ အရာတွေကို ဘာတစ်ခုမှ ပြောင်းလဲမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် အရာအားလုံးကို ကလပ်အသင်းရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့် ဘာကိုမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်တွေကို ဖြစ်မလာခင် ချမှတ်ရတာက ကျွန်တော့်အလုပ်ပါ။ ဖြစ်ပြီးသွားမှတော့ ဒါက ကောင်းတယ် မကောင်းဘူးလို့ ပြောလို့ရတာပေါ့။ ကျွန်တော်နဲ့ ကလပ်က လူအားလုံး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအားလုံးဟာ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ပါ၊ အဲ့ဒါကတော့ အသင်းအတွက် ရမှတ်တွေ ယူဆောင်လာဖို့ပါပဲ။ ဒီကိစ္စမှာ နောင်တရစရာ မရှိပါဘူး” လို့ နစ္စတယ်ရွိုင်းက ပြောကြားခဲ့ပါတယ်။