နယ်သာလန် လက်ရွေးစင်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ နည်းပြဟောင်း ဝါရင့်နည်းပြကြီး လူးဝစ် ဗန်ဟားလ်က လက်ရှိမှာ နည်းပြလစ်လပ်နေတဲ့ ဒေါ့မွန်အသင်းကို ကိုင်တွယ်ဖို့ထက် နိုင်ငံအသင်း တစ်သင်းသင်းကိုသာ ပိုမို ကိုင်တွယ်သွားချင်တယ်လို့ Sky Germany မှာ ဖြေဆိုသွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄)ပွဲဆက်တိုက် ရှုံးပွဲဆက်နေခဲ့သလို ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားမှာလည်း အဆင့်(၁၀)နေရာအထိ ရောက်ရှိနေရတာကြောင့် ရာသီအစကမှ ခန့်အပ်ထားခဲ့တဲ့ ကစားသမားဟောင်း နူရီ ဆာဟင်ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီး နည်းပြသစ်တစ်ဦးကို ပြန်လည် ရှာဖွေနေပါတယ်။

Photo Credit : Eurosport

မကြာသေးခင်ကတော့ ဒေါ့မွန်ဟာ ယူနိုက်တက်နည်းပြဟောင်းဖြစ်သူ အဲရစ် တန်ဟက်ဂ်နဲ့လည်း သတင်းတွေ ထွက်ပေါ်ခဲ့သေးပေမယ့် နယ်သာလန်လူမျိုး နည်းပြ တန်ဟက်ဂ်က အသင်းတစ်သင်းကို ရာသီဝက်မှ ကိုင်တွယ်ရတာထက် ဘောလုံးရာသီ အစကတည်းကနေ စတင် ကိုင်တွယ်ရတာမျိုးကိုသာ အလိုရှိတယ်ဆိုပြီး တုံ့ပြန်သွားခဲ့ပါတယ်။

လက်ရှိမှာလည်း ဒေါ့မွန်က ဘွန်ဒက်စ်လီဂါမှာ ကျင်လည်ခဲ့ဖူးတဲ့ နည်းပြတချို့နဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေပြီး ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတွေထဲကမှ ဝါရင့်နည်းပြကြီး ဗန်ဟားလ်နဲ့ပါ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ဗန်ဟားလ်ကတော့ နည်းပြအလုပ် ပြန်လုပ်မယ်ဆိုရင်တောင်မှ လက်ရွေးစင်အသင်းတွေကိုသာ ကိုင်တွယ်ချင်တယ်လို့ ဆိုလိုက်ပါတယ်။

 

Photo Credit : The Independent

အသက်(၇၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နယ်သာလန်လူမျိုး ဝါရင့်နည်းပြကြီး ဗန်ဟားလ်ဟာ အေဂျက်စ် ဘာစီလိုနာ ဘိုင်ယန်မြူးနစ် ယူနိုက်တက်တို့လို ကလပ်အသင်းတွေအပြင် နယ်သာလန် လက်ရွေးစင်အသင်းကိုပါ (၃)ကြိမ်အထိ ကိုင်တွယ်ခဲ့ဖူးတဲ့ တကယ့်ကို အတွေ့အကြုံရင့် နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ့မွန်နည်းပြအဖြစ် ဆောင်ရွက်ဖို့နဲ့ ပတ်သက်ပြီး ဗန်ဟားလ်က “ဒါက ကျွန်တော့်အတွက် စိတ်ကူးလို့တောင် မရနိုင်တဲ့ကိစ္စပါ။ နိုင်ငံ့လက်ရွေးစင်အသင်း တစ်သင်းသင်းရဲ့ နည်းပြရာထူးကိုပဲ ကျွန်တော် စဉ်းစားသွားပါမယ်။” လို့ Sky Germany မှာ ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဟားလ်ဟာ နယ်သာလန်အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဆင်နွဲပြီးကတည်းက အသင်းလက်မဲ့ ဖြစ်လို့နေပါတယ်။