ဥရောပရဲ့ အအောင်မြင်ဆုံး နည်းပြတွေထဲက တဦး အပါအဝင် ဖြစ်သလို လက်ရှိအချိန်မှာ နယ်သာလန် လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ ဝါရင့်နည်းပြကြီး ဗန်ဟားကတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရသင့်တဲ့ ကစားသမားတွေထဲမှာ မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ကယ်ဗင် ဒီဘရိုင်းဟာ ထိပ်ဆုံးကနေ ရှိနေကြောင်း ချီးကျူးသွားခဲ့ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုပေးပွဲကို လာမယ့် အောက်တိုဘာလမှာ ကျင်းပဖို့ စီစဉ်ထားပြီး ယခုနှစ်ရဲ့ ရွှေဘောလုံးဆုအတွက် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာ ၊ လီဗာပူး တိုက်စစ်မှူး မာနေး ၊ လီဗာပူး တိုက်စစ်မှူး ဆာလာ ၊ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေနဲ့ မန်ချက်စတာ စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းတို့က အသီးသီး ရေပန်းစားနေကြပါတယ်။

Photo Credit: Metro

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါ ဆုဖလားနဲ့ ချန်ပီယံလိဂ် ဆုဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဘန်ဇီမာနဲ့ ဆီနီဂေါနဲ့အတူ အာဖရိက ချန်ပီယံ ဖြစ်ခဲ့သလို လီဗာပူးနဲ့လည်း ဆုဖလား ၂လုံး အထိ ရယူနိုင်ခဲ့တဲ့ မာနေးတို့ကသာ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေကြပြီး ကျန်တဲ့ ကစားသမားတွေ ကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆယ်ဦး စာရင်းဝင် အဖြစ်နဲ့သာ ကျေနပ်ရဖွယ် ရှိနေပါတယ်။

နယ်သာလန် လက်ရွေးစင်အသင်းရဲ့ နည်းပြ ဖြစ်နေသလို ဘောလုံးလောကရဲ့ ဩဇာလွှမ်းမိုးမှု အရှိဆုံး နည်းပြတွေထဲက တဦး အပါအဝင် ဖြစ်တဲ့ ဗန်ဟားကတော့ သူ့ရဲ့ အမြင်မှာ ဒီဘရိုင်းကလည်း ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ကွင်းလယ်လူ တဦး ဖြစ်နေတာကြောင့် ဒီဘရိုင်းက ရွှေဘောလုံးဆုကို ရရှိဖို့ မလွယ်ကူကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Metro

ဗန်ဟားက – “ကျွန်တော့်အတွက် ကယ်ဗင် ဒီဘရိုင်းကလည်း ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမား တဦးပါ။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ သူက ကွင်းလယ်လူ တဦး ဖြစ်နေပါတယ်။ ရွှေဘောလုံး အတွက် ဆိုရင် တိုက်စစ် ကစားသမားတွေက ပိုပြီး အခွင့်အရေးတွေ ရနေတာတော့ အမှန်ပါ” လို့ ပြောကြားသွားခဲ့တာပါ။

အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဒီဘရိုင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံ ၄၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၉ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်ထားနိုင်ကာ မန်ချက်စတာ စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိထားပါတယ်။