လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဗာဂျယ် ဗန်ဒိုက်က သူတို့အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်အောင် ကစားသွားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဲ့ဒီရလဒ်အပေါ် အရမ်း ဝမ်းသာပျော်ရွှင်နေတယ်လို့ ခနဲတဲ့တဲ့ ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီ အန်ဖီးလ်ကွင်းမှာ ကစားခဲ့သမျှ ပြိုင်ပွဲစုံ ပွဲအားလုံးမှာ နိုင်ပွဲတွေ တောက်လျှောက် ရယူထားခဲ့သလို ယူနိုက်တက်ကို ဧည့်ခံ ကစားခဲ့တဲ့ နောက်ဆုံး (၂)ပွဲမှာလည်း ယူနိုက်တက်ဘက်ကို (7-0) (5-0) ဆိုတဲ့ ပြတ်ပြတ်သားသား ရလဒ်တွေနဲ့ အနိုင်ယူခဲ့ပါတယ်။

Photo Credit : The Telegraph

ယူနိုက်တက်ကလည်း ဒီပွဲမတိုင်ခင်မှာ လတ်တလော အသင်းခံစစ်မှာ အားထားနေရတဲ့ မက်ဂွိုင်းယား ဒဏ်ရာရရှိနေသလို လီဆန်ဒရို မာတီနက်ဇ် ၊ ကက်စီမဲရိုး ၊ အဲရစ်ဆင် အစရှိတဲ့ အားထားရတဲ့ ကစားသမားတွေပါ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရရင်း အခုပွဲကို လွဲချော်ခဲ့ရပါတယ်။

ပွဲကစားချိန်အတွင်းမှာလည်း လီဗာပူးလ်အသင်းကပဲ တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ယူနိုက်တက်ကတော့ ခံစစ်ကိုသာ ဦးစားပေး ကစားခဲ့ရင်းနဲ့ ကောင်တာ တိုက်စစ်နဲ့ ပြန်ကစားသွားဖို့ ပြင်ဆင်လာခဲ့ရာ နောက်ဆုံးမှာတော့ ပွဲက ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : Al Jazeera

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ပွဲရလဒ်ကို စိတ်ပျက်နေတဲ့ ဗန်ဒိုက်က “ဒီပွဲကို အနိုင်ရဖို့ ကြိုးစား ကစားခဲ့တဲ့ အသင်းက တစ်သင်းသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ နိုင်ပွဲကို မဖော်ဆောင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အသင်းက ထောင့်ပေါင်းစုံမှာ သာလွန်ကောင်းမွန်အောင် ကစားပြနိုင်ခဲ့ပါတယ်။”

“သူတို့အသင်းကတော့ ကောင်တာတိုက်စစ်နဲ့ ကျွန်တော်တို့ကို ဒုက္ခပေးသွားဖို့ မျှော်လင့်ထားပုံရပါတယ်။ ပြီးတော့ ရမှတ်တစ်မှတ်လေးအတွက် သူတို့က ဝမ်းပန်းတသာနဲ့ အော်ဟစ်နေကြပါတယ်။” လို့ ခနဲ့ ပြောဆိုသွားခဲ့ပါတယ်။