ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဖြစ်သူ ဗာဂျယ် ဗန်ဒိုက်က ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ ပွဲမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်ဒါဘီပွဲကို လီဗာပူး ပရိသတ်တွေ အများအပြား လာရောက် အားပေးဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ဝုလ်ဗ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ ကစားပုံပိုင်းအရ အသာစီး ရခဲ့သလို ခံစစ်ပိုင်းကလည်း ဂိုးသွင်းခွင့်တွေ အမြောက်အမြား ခွင့်ပြုပေးခဲ့ရခြင်း မရှိပဲ ဗန်ဒိုက် ၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Team Talk

လီဗာပူးက လက်ကျန်ပွဲ ဖြစ်တဲ့ ဝုလ်ဗ်ကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်(၂၅) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာ အထိ တက်လှမ်းလာနိုင်ခဲ့ပြီး သူတို့က အဆင့်(၄)နေရာမှာ ရှိနေတဲ့ စပါးထက် တပွဲလျော့ ကစားထားချိန်မှာ ရမှတ် ၆မှတ်သာ ကွာဟတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်လို့ ရပါသေးတယ်။

ယခုတပတ်မှာတော့ လီဗာပူးက သူတို့ရဲ့ ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး လီဗာပူးက ချန်ပီယံလိဂ်ဝင်ခွင့် ရချင်ရင် မန်ချက်စတာ ယူနိုက်တက်ကို ကျိန်းသေ အနိုင်ကစားနိုင်ဖို့ လိုအပ်တာကြောင့် လီဗာပူးရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်က မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားရမယ့် ပွဲမှာ လီဗာပူး ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အင်အားကို လိုချင်ကြောင်း ဝုလ်ဗ်နဲ့ ပွဲအပြီးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Team Talk

ဗာဂျယ် ဗန်ဒိုက်က – “ကျွန်တော်ကတော့ တနင်္ဂနွေနေ့မှာ ကစားရမယ့်ပွဲ အတွက် ကြီးမားတဲ့ ပတ်ဝန်းကျင် တခု (ပရိသတ် အများအပြား ရှိနေမှုကို ဆိုလိုလျက်) လိုအပ်တယ်လို့ ထင်ပါတယ်။ ဒီနေ့ပွဲက ကျွန်တော်တို့ အတွက် အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လာမယ့် တနင်္ဂနွေနေ့မှာ ကစားသမား တဦးချင်းစီ ကနေ အကောင်းဆုံး ပုံစံတွေ ထုတ်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က ပုံစံကောင်း ရနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ယှဉ်ကစားချင်ရင် ကွင်းထဲမှာ အလုပ်ကြိုးစားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အခု အနားယူမယ်။ ပြီးရင် တနင်္ဂနွေနေ့မှာ ပွဲကစားဖို့ အဆင်သင့် ဖြစ်နေပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။