လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမား ဗာဂျေးလ် ဗန်ဒိုက်က လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက အဲဗာတန် ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်ရဲ့ ကြောက်မက်ဖွယ် တိုက်ခိုက် ဖျက်ထုတ်မှုကြောင့် ရရှိခဲ့တဲ့ သူ့ရဲ့ ပြင်းထန် ACL ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ ကြိုးစားခဲ့ရတဲ့ ကာလကို သူ့ဘဝရဲ့ အကောင်းဆုံး အချိန်တွေထဲက တစ်ခုလို့ ပြောလိုက်တာကြောင့် လီဗာပူးလ် ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။

၂၀၂၀ ခုနှစ် ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီပွဲစဉ်အတွင်း အဲဗာတန် ဂိုးသမား ပစ်ခ်ဖို့ဒ်နဲ့ ထိခိုက်မိပြီးနောက်မှာ ဒတ်ချ် နောက်ခံလူ ဗန်ဒိုက်ဟာ ACL အရွတ်စုတ်ပြဲ ဒဏ်ရာရရှိခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် ဗန်ဒိုက်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့အတွက် တစ်နှစ်နီးပါးလောက် ကွင်းဘေးကို ရောက်ခဲ့ရပါတယ်။

Photo Credit : The Mirror

ဒီလို ခက်ခဲတဲ့ အတွေ့အကြုံရှိခဲ့ပေမယ့်လည်း မကြာသေးခင်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဗန်ဒိုက်က အဲဒီကာလကို အကောင်းမြင်စိတ်နဲ့ ပြန်လည်မြင်ယောင်နေပါတယ်။ “အဲ့ဒီအချိန်က ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးအချိန်တွေထဲက တစ်ခုပါပဲ။ ဒါဟာ တကယ်ကို ခက်ခဲခဲ့ပါတယ်။ အဓိက ကတော့ စိတ်ပိုင်းဆိုင်ရာပေါ့။ ညဘက်တွေ အိပ်မပျော်တဲ့အခါမျိုးတွေလည်း ရှိခဲ့တယ်။”

“ကိုယ့်ကိုယ်ကို အမြဲတမ်း မေးခွန်းထုတ်နေမိတယ်။ ဒါတွေ ဘယ်လို အဆုံးသတ်မှာလဲ။ ငါကစားသမားကောင်းတစ်ယောက်အဖြစ် ပြန်ဖြစ်လာနိုင်ပါ့မလား ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာအရတော့ ကိုယ်က အားကစားသမားတစ်ယောက် ဖြစ်နေတော့ ခံနိုင်ရည်ရှိတယ်လို့ ထင်ပါတယ်။ တစ်ခုပဲရှိတာက ကျွန်တော့်ရဲ့ ပြန်လည်ထူထောင်ရေး လေ့ကျင့်မှု အများစုကို ကလပ်နဲ့ အဝေး ဒူဘိုင်းမှာ လုပ်ခဲ့ရတယ်။ အဲ့ဒီမှာ မိသားစုနဲ့ အတူရှိခဲ့ရတာ အရမ်းကောင်းပါတယ်။”

Photo Credit : The Anfield Warp

“သူတို့နဲ့ (၇)ပတ်လောက် အတူနေခဲ့ရတယ်။ ဒီလို အချိန်မျိုး ဘယ်တော့မှ မရခဲ့ဖူးဘူး။ အဲ့ဒါက ကျွန်တော်ရခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး မိသားစုနဲ့ အတူရှိချိန်တွေထဲက တစ်ခုပါပဲ။ ဟုတ်ပါတယ်၊ ဘယ်သူမှတော့ ပြင်းထန်တဲ့ ဒူးဒဏ်ရာမျိုး မရချင်ပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်က ကျွန်တော်တို့ ရလိုက်တဲ့ မိသားစု အချိန်လေးကတော့ တစ်မျိုး တန်ဖိုးရှိခဲ့တယ်လို့ ဆိုရမှာပါပဲ။” ” လို့ ဗန်ဒိုက်က GQ မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

ဗန်ဒိုက်ဟာ တနင်္ဂနွေနေ့က စပါးစ်အသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်အသင်းရဲ့ ချန်ပီယံအောင်မြင်မှုကို မကြာသေးမီက ဆင်နွှဲခဲ့ပါသေးတယ်။ ဒါ့အပြင် သူဟာ ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မယ့် သူ့ရဲ့ စာချုပ်အဟောင်းနဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေကို အဆုံးသတ်စေပြီး အသင်းနဲ့အတူ နောက်ထပ် (၂)နှစ်သက်တမ်းတိုး စာချုပ်သစ်ကိုလည်း ချုပ်ဆိုခဲ့ပါတယ်။