လီဗာပူးလ်အသင်းခေါင်းဆောင် ဗာဂျေးလ် ဗန်ဒိုက်က နယူးကာဆယ်တောင်ပံကစားသမား အန်သိုနီ ဂေါ်ဒွန်ရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုကြောင့် အနီကတ်ပြခံခဲ့ရပြီးနောက် သူတို့နှစ်ဦးကြား ပြောဆိုခဲ့တဲ့ စကားကို ဖွင့်ဟပြောကြားလိုက်ပါတယ်။

စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းအတွင်းက အကြိတ်အနယ်ရှိခဲ့တဲ့ ပွဲစဉ်အစမှာ အိမ်ရှင်နယူးကာဆယ်အသင်းက ပွဲကိုစိုးမိုးထားနိုင်ခဲ့ပေမယ့် ဂိုးပေါက်တွေ့ဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ အသင်းမှထွက်ခွာလိုနေတဲ့ အလက်ဇန်းဒါး အီဆက်ခ် မပါဝင်နိုင်တဲ့အတွက် အင်္ဂလန်လက်ရွေးစင် ဂေါ်ဒွန်က တိုက်စစ်မှူးအဖြစ် တာဝန်ယူကစားခဲ့ရပါတယ်။

Photo Credit : Daily Mail

ပွဲကစားကွက် အသာစီးမရချိန်မှာ ရိုင်ယန် ဂရာဗန်ဘတ်ချ်က လီဗာပူးလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပထမပိုင်းပြီးခါနီးလေးမှာပဲ ဂေါ်ဒွန်က အသင်းခေါင်းဆောင် ဗန်ဒိုက်ခ်ရဲ့ ခြေသလုံးကို ဖိနပ်စတာအမြင့်နဲ့ ဝင်ရောက်ဖြတ်ထုတ်ခဲ့တာကြောင့် VAR ပြန်လည်သုံးသပ်ပြီးနောက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဂေါ်ဒွန် ကွင်းထဲကမထွက်ခွာခင်မှာ သူပြောခဲ့တဲ့စကားကို ဗန်ဒိုက်က Sky Sports ကို အခုလို ပြန်လည်ပြောပြခဲ့ပါတယ်။ “ကျွန်တော် သူ့ကို ပြောလိုက်တယ်၊ ‘ဒါတောင် အနီကတ် မဟုတ်ဘူးဆိုရင်တော့ ငါဘောလုံးကို နားမလည်တော့ဘူး’ လို့ပဲ။ ကျွန်တော့်အမြင်မှာတော့ ဒိုင်လူကြီးက VAR မော်နီတာအထိ သွားကြည့်နေရတာက ထူးဆန်းနေတယ်။ ကံမကောင်းစွာနဲ့ပဲ ဘောလုံးမှာ ဒီလိုအရာတွေက ဖြစ်တတ်ပါတယ်။ သူရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ဖြစ်ပြီးသွားပြီဆိုတော့ ကျွန်တော်တို့ ရှေ့ဆက်ရုံပါပဲ။”

Photo Credit : The Independent

တစ်ယောက်လျော့သွားပေမယ့် နယူးကာဆယ်အသင်းဟာ စိတ်ဓာတ်အပြည့်နဲ့ ပြန်လည်တိုက်ပွဲဝင်ခဲ့ပြီး ပွဲချိန် ၈၈ မိနစ်မှာ ၂-၂ ဂိုးအထိ သရေပြန်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နာကျင်အချိန်ပို ၁၀ မိနစ်မှာတော့ အသက် ၁၆ နှစ်အရွယ် လူငယ်ကြယ်ပွင့်လေး ရီယို နူမိုဟာက လီဗာပူးလ်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ဒီနိုင်ပွဲနဲ့ ပတ်သက်ပြီး ဗန်ဒိုက်က “ဒါက လာကစားဖို့ ခက်ခဲတဲ့ကွင်းဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။ ဒီတစ်ပတ်အတွင်း နယူးကာဆယ်ကို စိတ်ဓာတ်ပိုကြွလာအောင် မီးထဲကို ဆီလောင်းထည့်သလို ဖြစ်ခဲ့တဲ့ ကိစ္စတွေ အများကြီးရှိခဲ့တယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ဒီည ဖြစ်ပျက်ခဲ့တာတွေက မျှော်လင့်ထားပြီးသားပါ။ ကျွန်တော်တို့အတွက် စိတ်ပျက်စရာကတော့ အလွတ်တည်ကန်ဘာကနေ နှစ်ဂိုးပေးလိုက်ရတာပါပဲ။ ဒါမျိုးမဖြစ်သင့်ပါဘူး။ ဒါပေမဲ့ အလုံးစုံခြုံကြည့်ရင်တော့ အဖိုးတန်အမှတ်သုံးမှတ်ပါပဲ။ ရှေ့ဆက်ပြီး နောက်ပွဲကို အာရုံစိုက်သွားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။