ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ အဓိက ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ကတော့ ယခုတပတ်မှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်ဒါဘီပွဲစဉ်မှာ အနိုင်ရလဒ် ရအောင် ကြိုးစားပြီး နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်ပစ်မယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး အသင်းနှစ်သင်း ဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး လီဗာပူးက အဖွင့်ပွဲ ၂ပွဲစလုံးမှာ သရေကျခဲ့သလို မန်ချက်စတာ ယူနိုက်တက်ကလည်း အဖွင့်ပွဲ ၂ပွဲစလုံးကို ရှုံးနိမ့်ထားပါတယ်။

Photo Credit: Standard

ဒါကြောင့် လာမယ့် တနင်္လာနေ့မှာ ယှဉ်ပြိုင် ကစားရမယ့် ပွဲစဉ်ဟာ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ နှစ်သင်းစလုံး အတွက် အရမ်း အရေးပါတဲ့ ပွဲစဉ် တပွဲ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက သူတို့အသင်း အပေါ်မှာ ကျရောက်နေတဲ့ ဖိအားတွေကို လျှော့ချနိုင်ဖို့ ရှိနေကာ ရှုံးနိမ့်သွားတဲ့ အသင်းကတော့ ဖိအားတွေကို ယခင်ထက် ပိုမို ခံစားသွားရမှာလည်း ဖြစ်ပါတယ်။

လီဗာပူးရဲ့ အဓိက ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေ မရသေးကြောင်းကို ဝန်ခံသွားခဲ့ပြီး လာမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာ သူတို့အသင်းရဲ့ အကောင်းဆုံး ခြေစွမ်းတွေ ပြန်လည် ရရှိအောင် ကြိုးစားသွားဖို့ ရှိသလို မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ယူကာ ရလဒ်ဆိုးတွေကို ရပ်တန့်ပစ်ဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

ဗန်ဒိုက်က – “ဒီလိုပွဲမျိုးမှာ အိမ်ရှင်အသင်းတွေက ကြီးမားတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် ဒါက ပွဲကို သေချာပေါက် နိုင်မယ် ဆိုတဲ့ အာမခံချက်မျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့က အဲ့ဒီပွဲမှာ အနိုင်ရချင်ပါတယ်။ ပြီးတော့ အနိုင်ရအောင်လည်း အစွမ်းကုန် ကြိုးစားသွားပါမယ်။ ဒီရာသီအစက သူတို့အတွက် အတော်လေး ခက်ခဲတဲ့ ကာလတခု ဖြစ်နေသလို ကျွန်တော်တို့ကလည်း ကိုယ်လိုချင်တဲ့ ရလဒ်ကောင်းတွေ မရသေးပါဘူး။ ဒါကြောင့် ဒီပွဲက အတော်လေး စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့က သူတို့ကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် ရာသီတွေ အကုန်လုံးကို ခြုံကြည့်လိုက်ရင် ကျွန်တော်တို့က အိုးထရက်ဖို့ဒ်မှာ အနိုင်ရဖို့ ခက်ခဲတတ်တာကို တွေ့ရပါလိမ့်မယ်။ ဒီတပတ်မှာ ကျွန်တော်တို့က ကောင်းမွန်တဲ့ စိတ်ဓာတ်တွေ ၊ တိုက်ပွဲဝင်စိတ်တွေကို ရယူထားနိုင်ပါတယ်။ ဒါတွေကို တနင်္လာနေ့ အထိ သယ်သွားမှာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။