ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက ဗဟိုနောက်ခံလူလည်း ဖြစ်တဲ့ ဗာဂျယ် ဗန်ဒိုက်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၂-၁ လီဗာပူး ပွဲစဉ်မှာ VARရဲ့ ဆုံးဖြတ်ချက် အမှားတွေကို ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီးနောက် VARအပေါ် ယုံကြည်မှု မရှိတော့ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

စပါးနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်က ဒီတပတ် ပရီးမီးယားလိဂ်ပွဲတွေထဲမှာ အကောင်းဆုံးပွဲ တပွဲ ဖြစ်သလို နှစ်သင်းစလုံးက ဒီရာသီမှာ ခြေစွမ်းကောင်းတွေရော ၊ ရလဒ်ကောင်းတွေကိုပါ ရထားတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲဟာ အတော်လေးကို ကြည့်ကောင်းမယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ်။

Photo Credit: Mirror

တကယ်တမ်း ယှဉ်ပြိုင် ကစားခဲ့ချိန်မှာလည်း စပါးနဲ့ လီဗာပူးတို့က အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ ပွဲထွက်လာခဲ့ကြပြီး VARရဲ့ ဆုံးဖြတ်ချက် အမှားတွေ ၊ မေးခွန်းထုတ်စရာကောင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပွဲဟာ ပွဲကောင်း တပွဲ မဖြစ်ခဲ့ပါဘူး။

စပါး ၂-၁ လီဗာပူး ပွဲစဉ်မှာ လီဗာပူးရဲ့ ကွင်းလယ်လူ ကာတစ်ဂျုံးစ်က ပွဲချိန် ၂၆မိနစ်မှာပဲ တိုက်ရိုက် အနီကတ် ထိခဲ့သလို တိုက်စစ်မှူး ဂျိုတာကလည်း ပွဲချိန် ၆၉မိနစ်မှာ နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ပွဲချိန် ၃၄မိနစ်မှာ လီဗာပူး တိုက်စစ်မှူး ဒီယက်ဇ်က သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် VARဒိုင် ဒါရင်းနဲ့ ကွင်းလယ်ဒိုင် ဟူးပါးတို့ရဲ့ နားလည်မှုအလွဲကြောင့် လီဗာပူးဟာ ရသင့်တဲ့ သွင်းဂိုး တဂိုး မရခဲ့ပြန်ပါဘူး။

Photo Credit: Football 365

ဒါကြောင့်ပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေ ၊ ကစားသမားတွေနဲ့ ပရိသတ်တွေက ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ချုပ် ဖြစ်တဲ့ PGMOLနဲ့ VARတာဝန်ရှိသူတွေကို ဒေါသထွက်နေကြပြီး လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်ကတော့ သူဟာ VARအပေါ် လုံးဝ ယုံကြည်မှု မရှိတော့ကြောင်း ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ဗန်ဒိုက်က – “ကျွန်တော်ကတော့ VARကို အယုံအကြည် မရှိတော့ပါဘူး။ ဒါကို ရှင်းပြဖို့ ခက်ပါတယ်။ VARအဖွဲ့က သူတို့တွေ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်း အတွက် တိကျတဲ့ အမြင်တွေ ၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်က အခုချိန်အထိ အဲ့ဒီသွင်းဂိုးကို (ဒီယက်ဇ်ရဲ့ သွင်းဂိုးအား ရည်ရွယ်လျက်) ပြန်ကြည့်နေတုန်းပါပဲ။ တီဗွီမှာ ပြသခဲ့တဲ့ ဗွီဒီယိုကလစ်ထဲမှာ လူကျွံ ၊ မကျွံ စစ်တဲ့ လိုင်းတွေကို ထည့်ပြီး မပြသွားခဲ့ပါဘူး။ ဒါက အတော်လေး ထူးဆန်းပါတယ်။ ဘယ်သူက VARအခန်းထဲမှာ ထိုင်ပြီး ဒီလို ဆုံးဖြတ်ချက်တွေ ချသွားလဲ ဆိုတာ မသိတော့ပါဘူး” လို့ ဖွင့်ဟသွားခဲ့တာပဲ ဖြစ်ပါတယ်။