လီဗာပူးလ်အသင်းခေါင်းဆောင် နောက်ခံလူ ဗာဂျေးလ် ဗန်ဒိုက်ခ်က ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ခရစ္စတယ် ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကာကွယ်ရေးခရီးအတွက် စိတ်ပျက်စရာကောင်းတဲ့ တာထွက်တစ်ခုဖြစ်ခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
ဝင်ဘလေကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ ကစားသမားသစ်တွေဖြစ်တဲ့ ဟူဂို အီကီတီကီနဲ့ ဂျယ်ရမီ ဖရင်ပေါင်တို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ ၂-၂ ဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ပင်နယ်တီကန်သွင်းရာမှာ မိုဟာမက် ဆာလာက လွဲချော်ခဲ့ပြီး အလက်ဆစ် မက်အလစ္စတာနဲ့ ဟာဗေး အယ်လီယော့တို့ရဲ့ ကန်ချက်တွေကိုတော့ ပဲလေ့စ်ဂိုးသမား ဒင်း ဟန်ဒါဆန်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။
Photo Credit : Liverpool FC
လီဗာပူးလ်အသင်းဟာ ၁၉၈၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဘွဲ့ကို ကာကွယ်ရမှာဖြစ်ပြီး အသင်းခေါင်းဆောင် ဗန်ဒိုက်ခ်ကတော့ ရာသီအဖွင့်ရလဒ်အပေါ်မှာ စိတ်ပျက်နေပုံရပါတယ်။ “ဒီနေ့ပွဲမှာ ကျွန်တော်တို့ ရှုံးခဲ့တဲ့အတွက် ဒါက အဖွင့်မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ပွဲချင်းစီကိုပဲ အာရုံစိုက်ပြီး ရှေ့ဆက်သွားရမှာပါ။ ဒါက ကျွန်တော်တို့အမြဲတမ်းထားရှိတဲ့ စိတ်ဓာတ်ပါပဲ။ ပြိုင်ပွဲအားလုံးမှာ အလွန်ပြင်းထန်တဲ့ ရာသီတစ်ခုဖြစ်လာမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အရည်အသွေးကို ပြသနိုင်ဖို့ အသင့်ဖြစ်နေရပါမယ်။”
“ဒီပွဲမှာ ကောင်းတဲ့အချက်တွေရှိခဲ့သလို ကျွန်တော်တို့ ပြုပြင်ရမယ့်အရာတွေ ကြိုးစားလုပ်ဆောင်ရမယ့် အရာတွေလည်း အများကြီး ရှိပါသေးတယ်။ အခု ကျွန်တော်တို့ရဲ့ အစီအစဉ်က ဒါပါပဲ။ ဒီပွဲကို အနိုင်ရချင်ခဲ့တာပေါ့၊ ဒါက ဖိုင်နယ်ပွဲတစ်ပွဲ ဖလားတစ်လုံးအတွက် ကစားရတာဆိုတော့ ရှုံးနိမ့်ခဲ့ရတာက စိတ်ပျက်စရာ အကောင်းဆုံးအပိုင်းပါပဲ” လို့ သူက ESPN ကို ပြောကြားခဲ့ပါတယ်။
Photo Credit : ESPN
နည်းပြအာနေး ဆလော့ဟာ သူ့ရဲ့ကစားသမားသစ် (၄)ဦးလုံးကို အသင်းလူစာရင်းမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး ပွဲချိန် မိနစ်(၂၀)အတွင်းမှာပဲ သူတို့ထဲက (၃)ဦးဟာ ဂိုးရရှိမှုတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပါတယ်။ ပေါင်သန်း(၁၀၀)ကျော်နဲ့ လေဗာကူဆင်ကနေ ပြောင်းရွှေ့လာတဲ့ ဖလိုရီယန် ဝါ့ဇ်ဟာ ပွဲစပြီး (၄)မိနစ်မှာပဲ အီကီတီကီအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဗန်ဒိုက်ခ်ရဲ့ အမှားကနေ ပဲလေ့စ်အသင်း ပင်နယ်တီကနေ ချေပဂိုးပြန်သွင်းခဲ့ပေမယ့် လေဗာကူဆင်ကနေ ပြောင်းရွှေ့လာသူ နောက်ခံလူ ဖရင်ပေါင်က လီဗာပူးလ်အတွက် ဒုတိယဦးဆောင်ဂိုးကို ထောင့်ကျဉ်းထဲကနေ ကျော်တင်ကန်သွင်းပြီး သွင်းယူပေးခဲ့ပါတယ်။
နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ခ်ကတော့ အသင်းဖော်သစ်တွေရဲ့ ခြေစွမ်းနဲ့ အသင်းမှာ အချိန်တိုအတွင်း အသားကျနေမှုအပေါ် ကျေနပ်နေပါတယ်။ “ရောက်လာတဲ့ကစားသမားတွေက အသင်းအတွက် အရည်အသွေးတွေ ယူဆောင်လာပေးပါတယ်။ ထွက်ခွာသွားတဲ့ကစားသမားတွေကိုလည်း သူတို့ရဲ့နောက်ထပ်စွန့်စားခန်းတွေအတွက် ဆုတောင်းပေးပါတယ်။ ဘောလုံးဆိုတာ ဒီလိုပါပဲ။ ကျွန်တော့်အမြင်မှာတော့ ကစားသမားသစ်အားလုံး အတော်လေး အသားကျနေကြပါပြီ။ ကလပ်အသင်းသစ်ကို ရောက်လာရင် ကိုယ့်ကိုကိုယ် ချက်ချင်းပြသနိုင်ဖို့နဲ့ ကြိုဆိုခံရတယ်လို့ ခံစားရဖို့က အရေးကြီးပြီး ကောင်လေးတွေလည်း အဲ့ဒီလို ခံစားနေရမယ်လို့ ထင်ပါတယ်။” လို့ သူက ဆိုပါတယ်။