ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးနဲ့ နယ်သာလန်တို့ရဲ့ အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက် ယနေ့မနက် အစောပိုင်းမှာ ယူရို ၂၀၂၄ပြိုင်ပွဲ ခြေစစ်ပွဲအဆင့် ၊ အုပ်စုပွဲ အဖြစ် ပြင်သစ်နဲ့ ယှဉ်ပြိုင် ကစားခဲ့ရာမှာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဟာ ကွင်းရဲ့ မြက်ခင်းပြင် မကောင်းလို့ ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဗာဂျယ် ဗန်ဒိုက် ဦးဆောင်နေတဲ့ နယ်သာလန်က ယူရို ၂၀၂၄ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်မှာ ပြင်သစ် ၊ ဂရိ ၊ အိုင်ယာလန် ၊ ဂျီဘရယ်တာ စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး ယနေ့မနက်မှာတော့ နယ်သာလန်က အုပ်စု ပွဲစဉ်(၆) အဖြစ် အင်အားကြီး ပြင်သစ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပါတယ်။

Photo Credit: Euro Sports

နယ်သာလန်နဲ့ ပြင်သစ်တို့က အမ်စတာဒမ်မြို့မှာ ရှိတဲ့ အေဂျက်ပိုင် ယိုဟန် ခရိုက်ခ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့တာ ဖြစ်ပြီး အိမ်ရှင် နယ်သာလန်က ပရိသတ် အများအပြားရဲ့ အားပေးမှုကို ရရှိခဲ့ပေမယ့် ဧည့်သည် ပြင်သစ်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေကို မထိန်းနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးပွဲ ကြုံတွေ့ခဲ့ရပါတယ်။

ပြင်သစ်ကို ရှုံးနိမ့်ခဲ့တာကြောင့် နယ်သာလန်က အုပ်စုပွဲ ၅ပွဲ ကစားပြီးချိန်မှာ ၃ပွဲနိုင် ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ အုပ်စုတွင်း တတိယနေရာကို ရောက်ရှိနေပါတယ်။ ပြင်သစ်နဲ့ နယ်သာလန်တို့ ပါဝင်နေတဲ့ အုပ်စုမှာ ပြင်သစ်က ၆ပွဲ ကစား ၊ ၆ပွဲနိုင် ဆိုတဲ့ မှတ်တမ်းကောင်းနဲ့ အုပ်စု ပထမနေရာကို သိမ်းပိုက်ထားသလို ဂရိက ၆ပွဲ ကစား ၊ ၄ပွဲနိုင် ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်းနဲ့ အုပ်စု ဒုတိယနေရာကို အရယူထားပါတယ်။

Photo Credit: Reddit

ဒါ့အပြင် ဂရိနဲ့ နယ်သာလန်တို့ရဲ့ ကြားထဲမှာ ဂိုးကွာခြားချက် ၅ဂိုး အထိ ရှိနေတာကြောင့် နယ်သာလန်က လက်ကျန်ပွဲကို အနိုင်ရခဲ့ရင်တောင် အုပ်စု ဒုတိယနေရာကို ရဖို့ မလွယ်ကူပါဘူး။ ဒါကြောင့်ပဲ နယ်သာလန်က ယူရို ၂၀၂၄ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ချင်ရင် လက်ကျန်ပွဲတွေမှာ အမှားအယွင်း ကင်းကင်းနဲ့ အနိုင်ရလဒ်တွေ ရရှိအောင် ကြိုးစားနိုင်ဖို့ လိုပါတယ်။

နယ်သာလန် ၁-၂ ပြင်သစ် ပွဲအပြီးမှာတော့ နယ်သာလန် အသင်းခေါင်းဆောင် ဗန်ဒိုက်က မြက်ခင်းမကောင်းတာကြောင့် ပြင်သစ်ကို ရှုံးခဲ့ရတာလို့ ပြောခဲ့သလို တနင်္လာနေ့မှာ ကစားရမယ့် ဂရိနဲ့ ပွဲမှာ မဖြစ်မနေ နိုင်ပွဲ ရယူမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဗန်ဒိုက်က – “ဒီနေ့မှာ ကျွန်တော်တို့က အခုထက် ပိုကောင်းတဲ့ ရလဒ်ကို ရခဲ့သင့်ပါတယ်။ ကွင်းရဲ့ မြက်ခင်းကလည်း အရမ်းကောင်းတဲ့ အနေအထားမျိုးမှာ မရှိခဲ့ပါဘူး။ တကယ်လို့ ကျွန်တော်တို့တွေသာ ယူရို ၂၀၂၄ပြိုင်ပွဲဆီ သွားချင်တယ် ဆိုရင် တနင်္လာနေ့မှာ ကစားရမယ့် ဂရိနဲ့ပွဲမှာ မဖြစ်မနေ နိုင်ပွဲ ရယူဖို့ လိုပါတယ်။ ကျွန်တော်တို့က အဲ့ဒီပွဲမှာ အရာအားလုံးကို ပေးဆပ် ကစားသွားပါမယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။