လီဗာပူးလ်အသင်းရဲ့ နယ်သာလန် ခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်က ကစားသမားဘဝတစ်လျှောက် ရင်ဆိုင် ဆုံတွေ့ခဲ့သမျှ ပြိုင်ဘက်တွေ အားလုံးထဲမှာ သူ့အတွက် အခက်ခဲဆုံးသော ပြိုင်ဘက်တစ်ဦးအကြောင်းကို ဖော်ပြသွားခဲ့ပါတယ်။

အသက (၃၂)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် ခံစစ်ကစားသမားကြီး ဗန်ဒိုက်ဟာ ကစားသမားဘဝအတွင်း လီယွန်နယ် မက်ဆီ ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို ၊ ကာရန် ဘန်ဇီမာ ၊ အာလင်း ဟာလန်း အစရှိတဲ့ ထိပ်တန်း တိုက်စစ်မှူး အမြောက်အများနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : beIN SPORTS

ဒါပေမယ့် ဗန်ဒိုက်က ဒီကစားသမားတွေထက် သူ့အတွက် ပိုခက်ခဲတဲ့ ပြိုင်ဘက် ကစားသမားဟာ အခု အေစီမီလန်အသင်းရဲ့ ပြင်သစ် ဝါရင့် တိုက်စစ်မှူးကြီး အိုလီဗီယာ ဂျရူး ဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ “ကျွန်တော် ရင်ဆိုင်ခဲ့တဲ့ တိုက်စစ်ကစားသမားတွေထဲ အိုလီဗီယာ ဂျရူးက ကျွန်တော့်အတွက် အခက်ခဲဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။”

“သူ့ကို ထိန်းချုပ်ထားလို့ ရပြီဆိုပြီး ထင်လိုက်တဲ့ အချိန်တိုင်း ၊ သူ့ကို ကောင်းကောင်း လူကပ်ထားလို့ ရပြီဆိုတဲ့ အချိန်တိုင်းမှာ သူက တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ ဂိုးတွေကို အမြဲတမ်း သွင်းယူနိုင်တယ်။ ခေါင်းတိုက်သွင်းတယ်။ ဘယ်ညာ နှစ်ဖက်လုံးနဲ့လည်း သွင်းတယ်။ ဒူးနဲ့ပါ သွင်းယူနိုင်တယ်။ သူက ကျွန်တော်နဲ့ ရင်ဆိုင်ရတိုင်းမှာလည်း ဂိုးတွေ အမြဲ သွင်းယူတယ်” လို့ ဗန်ဒိုက်က ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bleacher Report

ဗန်ဒိုက်ဟာ သူ့အသင်းဟောင်း ဆောက်သမ်တန်နဲ့ လက်ရှိကလပ် လီဗာပူးလ်အသင်းတွေမှာ ကစားခဲ့စဉ်တစ်လျှောက် ဂျရူးနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတဲ့အပြင် နိုင်ငံတကာ ပွဲစဉ်တွေအဖြစ် တွေ့ဆုံကြရာမှာလည်း ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ရပါသေးတယ်။

ဗန်ဒိုက်က ဂျရူးပြီးရင် မန်စီးတီး ကစားသမားဟောင်းကြီး ဆာဂျီယို အဂွဲရိုး ၊ မန်စီးတီး ကစာသမားဟောင်း လက်ရှိ အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူး နဲ့ လက်ရှိ မန်စီးတီးရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းတို့ဟာလည်း သူ့ကို ခက်ခဲမှု ပေးစေနိုင်တဲ့ ပြိုင်ဘက်တွေလို့ သတ်မှတ်သွားခဲ့ပါတယ်။