ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ရံဖန်ရံခါ လုပ်ကိုင်နေတဲ့ ဗန်ဒါဗတ်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ တိုက်စစ်ပိုင်း အတွက် ချယ်လ်ဆီးရဲ့ တောင်ပံကစားသမား ဇီရက်ဇ်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အီတလီလူမျိုး ထိပ်သီးနည်းပြ ကွန်တီ ဦးဆောင်နေတဲ့ စပါးက ယခုနှစ် ဘောလုံးရာသီမှာ ဂိုးရဖို့ အတွက် အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းအပေါ်သာ မှီခိုနေရပြီး ဟယ်ရီကိန်း ဂိုးမသွင်းနိုင်တဲ့ ပွဲတွေမှာ သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Football London

အထူးသဖြင့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ရခဲ့တဲ့ ဆွန်ဟောင်မင်နဲ့ အဲဗာတန် ကနေ ရောက်လာတဲ့ တိုက်စစ်မှူးသစ် ရစ်ချာလီဆန်တို့ ဂိုးပေါက်ပျောက်နေမှုက စပါးအတွက် စိုးရိမ်စရာ ဖြစ်နေပြီး တိုက်စစ်ပိုင်းရဲ့ သွင်းဂိုး လိုအပ်ချက်ကို ကွင်းလယ်လူတွေနဲ့ နောက်ခံလူတွေက ဖြည့်တင်းပေးနေလို့သာ အနည်းငယ် သက်သာရာ ရနေခဲ့တာပါ။

ဒါကြောင့်ပဲ စပါးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဗန်ဒါဗတ်က စပါးကို ချယ်လ်ဆီးရဲ့ တောင်ပံတိုက်စစ် ကစားသမား ဇီရက်ဇ်ကို ခေါ်ယူဖို့ အကြံပေးနေတာ ဖြစ်ပြီး ဗန်ဒါဗတ်က ဇီရက်ဇ်ဟာ စပါးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် ကစားသမားတွေလို့လည်း ယုံကြည်နေပါတယ်။

Photo Credit: Football London

ဗန်ဒါဗတ်က – “ကျွန်တော်ကတော့ စပါးရဲ့ ကစားပုံမှာ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်း တချို့ ရှိနေတယ်လို့ ထင်ပါတယ်။ အဲ့ဒါကတော့ နံပါတ်၁၀ စစ်စစ် ကစားသမား တဦးပါ။ ကျွန်တော်က ဒါကို အမြဲတမ်း ပြောခဲ့ပါတယ်။ ဟော့ချ်ဘက်နဲ့ ဘန်တန်ကာတို့ရဲ့ ကွင်းလယ်ပိုင်းက ကောင်းပေမယ့် သူတို့က နောက်ခံလူတွေ ကြားထဲမှာ ဘောလုံးလက်ခံမယ့် ကွင်းလယ်လူ ၊ တိုက်စစ်မှူးတွေ အတွက် နေရာလွတ်တွေ ဖန်တီးပေးမယ့် ကွင်းလယ်လူ ၊ နောက်ခံလူတွေ ကြားထဲမှာ ပြေးလွှားပြီး ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်းတို့ဆီ ဘောလုံးပေးပို့မယ့် ကွင်းလယ်လူကို လိုအပ်ပါတယ်။ ဟယ်ရီကိန်းက အခုချိန်မှာ နောက်တန်း အထိ ဆင်းပြီး ဘောလုံးယူ ၊ အသင်းဖော်တွေကို ဘောလုံးပေး ၊ ပြီးတော့ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲကို ပြန်ဝင် ၊ အဲ့လိုမျိုး အလုပ်တွေ အများကြီး လုပ်နေရပါတယ်။ သူ လုပ်နေရတဲ့ အလုပ်တွေက အရမ်းကို များလွန်းနေပါတယ်။ သူက တိုက်စစ်မှူးပါ။ သူ့ရဲ့ အလုပ်က ပြိုင်ဘက် ခံစစ်မှူးတွေကြားထဲ ဝင်ပြီး ဂိုးသွင်းဖို့ပါပဲ။ စပါးက နံပါတ်၁၀ နေရာမှာ လိုအပ်ချက် ရှိနေပါတယ်။ ကျွန်တော်က အဲ့ဒီလိုအပ်ချက် အတွက် အဖြေက ဇီရက်ဇ်လို့ပဲ ထင်ပါတယ်” ဆိုပြီး ထောက်ပြ အကြံပေးသွားခဲ့တာပါ။