တော့တင်ဟမ် ဟော့စပါးအသင်း နောက်ခံလူ မစ်ကီ ဗန်ဒီဗန်က အသင်းပရိသတ်တွေဆီ စိတ်လှုပ်ရှားဖွယ် သတင်းစကားတစ်ရပ် ပါးလိုက်ပြီး အသင်းနည်းပြ အန့်ချ် ပိုစတီကိုဂလူးအတွက် ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးပေးသွားမှာဖြစ်ကြောင်း အခိုင်အမာ ကတိပြု ပြောကြားလိုက်ပါတယ်။

စပါးအသင်းဟာ ဒီညမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စပိန်နိုင်ငံ ဘီလ်ဘာအိုမြို့မှာ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နှစ်သင်းလုံးကတော့ အောင်မြင်မှု ဆုဖလားအတွက် အပြိုင်အဆိုင် ကြိုးပမ်းကြမှာပါ။ ပိုစတီကိုဂလူးရဲ့အသင်းဟာ ပြည်တွင်းလိဂ်မှာတော့ စိတ်ပျက်စရာ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပေမယ့် ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံး အဓိက ဆုဖလားတစ်လုံးကို ဆွတ်ခူးပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရယူကာ ရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ အဖိုးတန် အခွင့်အရေးတစ်ရပ် ပိုင်ဆိုင်ထားပါတယ်။

Photo Credit : The New York Times

ပိုစတီကိုဂလူးဟာ ကလပ်အသင်းတွေမှာ သူတာဝန်ယူတဲ့ ဒုတိယနှစ်တိုင်း အမြဲတမ်း ဆုဖလားတွေ ရလေ့ရှိတယ်လို့ ပြောကြားခဲ့ဖူးသူဖြစ်ပြီး သူ့အသင်း စပိန်မြေမှာ အဲ့ဒီ အစဉ်အလာအတိုင်း အောင်ပွဲခံနိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာပါ။ ဩစတြေးလျနိုင်ငံသား နည်းပြကြီးဟာ ဒီရာသီမှာ ဝေဖန်မှုတွေ အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဗန်ဒီဗန်ကတော့ အသင်းသားတွေဟာ သူတို့ရဲ့နည်းပြအတွက် ဒီပွဲကို အနိုင်ရလိုစိတ် ပြင်းပြနေကြတယ်လို့ ဆိုပါတယ်။

ဗန်ဒီဗန်က GQ မဂ္ဂဇင်းနဲ့တွေ့ဆုံရာမှာ “ကျွန်တော်တို့က နည်းပြကြီးအတွက် အနိုင်ရချင်တာပေါ့။ သူက ကလပ်တစ်ခုရဲ့ ဒုတိယနှစ်မှာ အမြဲတမ်း ဆုဖလားတွေရတယ်လို့ ပြောခဲ့တာကို လူတိုင်းသိပါတယ်။ ဒါက သူ့အတွက် ကောင်းမွန်တဲ့ စကားတစ်ခွန်းဖြစ်ပြီး ကျွန်တော်တို့သာ ဒါကို အမှန်တကယ်ဖြစ်အောင် လုပ်နိုင်ခဲ့ရင် ပိုပြီးတော့တောင် လှပသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Football League World

“သူက ရာသီတစ်လျှောက်လုံး အကောင်းမြင်စိတ် အပြည့်ရှိခဲ့ပြီး ကျွန်တော်တို့ အရမ်းဆိုးရွားတဲ့ပွဲ ကစားခဲ့ရင်တောင် ဘယ်သူမှ စိတ်ဓာတ်မကျသွားအောင် သေချာ ဂရုစိုက်ခဲ့တယ်။ သူက ကျွန်တော်တို့အပေါ် လက်လျှော့လိုက်ပြီဆိုတဲ့ ခံစားချက်မျိုး ဘယ်တုန်းကမှ မပေးခဲ့ဘူး။ သူက ကျွန်တော်တို့ကို အမြဲတမ်း နောက်ကနေ တွန်းအားပေးခဲ့တယ်။ အဲ့ဒါကြောင့်ပဲ ခက်ခဲတဲ့ ရာသီတစ်ခုရဲ့ အဆုံးမှာ ကျွန်တော်တို့ အနိုင်ရလိမ့်မယ်လို့ ယုံကြည်နေတုန်းပါပဲ။” လို့ ဗန် ဒီ ဗန်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

စပါးအသင်းဟာ ဒီရာသီမှာ မန်ယူနိုက်တက်ကို (၃)ကြိမ်အထိ အနိုင်ယူထားပြီးဖြစ်ပြီး ဒီညမှာလည်း နောက်ထပ် အောင်ပွဲတစ်ခုအတွက် အစွမ်းကုန် ရည်မှန်းထားပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာက ဒီပွဲမှာ နောက်ထပ် အနိုင်တစ်ပွဲ ရရင်တောင်မှ ပိုစတီကိုဂလူးကို စပါးအသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လုံလောက်ချင်မှ လုံလောက်မှာဖြစ်ပြီး ယူရိုပါလိဂ်ဖိုင်နယ်မှာ အောင်မြင်မှုရခဲ့ရင်တောင် သူအသင်းကနေ ထွက်ခွာသွားနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။