မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ဟာ ပုံမှန် ပွဲကစားခွင့်တွေ ပိုမို ရရှိနိုင်ဖို့အတွက် ဒီနွေမှာပဲ မန်ယူနိုက်တက်အသင်းကနေ ကျောခိုင်းသွားဖို့ အစီအစဉ် ရှိနေတယ်လို့ သိရှိရပါတယ်။
Photo Credit : Stretty News
အေဂျက်စ် ကစားသမားဟောင်း ဗန်ဒယ်ဘိခ်ဟာ အေဂျက်စ်မှာတုန်းက အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဖြစ်ပေမယ့်လည်း မန်ယူနိုက်တက်ဆီ ရောက်ရှိလာချိန်မှာတော့ ခြေစွမ်းပြဖို့ရော ပွဲကစားခွင့်ရဖို့ပါ ရုန်းကန်နေရပါတယ်။ လက်ရှိမှာတော့ ဗန်ဒယ်ဘိခ်ဟာ ဒဏ်ရာ ပြသာနာကြောင့် အနားယူနေရဆဲ ဖြစ်ပေမယ့် သူရဲ့ ဒဏ်ရာ အခြေအနေက တိုးတတ်ကောင်းမွန်လာပြီဖြစ်လို့ ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲကာလမှာပါ အသင်းနဲ့အတူ ပွဲကစားခွင့် ရရှိဖို့ မျှော်လင့်နေပါတယ်။
Photo Credit : Fabrizio Romano
ဒါပေမယ့် အသင်းဘက်က သူ့အတွက် လုံလောက်တဲ့ ပွဲကစားခွင့်တွေ မပေးပဲ လူစာရင်းကနေ ချန်လှပ်ထားဦးမယ်ဆိုရင်တော့ ဗန်ဒယ်ဘိခ်အနေနဲ့ အခု ဈေးကွက်အတွင်းမှာ အသင်း အပြောင်းအလဲ လုပ်ဆောင်သွားဖွယ် ရှိနိုင်ပါတယ်။ ဗွန်ဒယ်ဘိခ်က ယူနိုက်တက်အသင်းအပေါ် နဲ့ အေဂျက်စ်မှာရော ယူနိုက်တက်မှာပါ လက်တွဲနေရတဲ့ သူ့ဆရာအရင်း အဲရစ်တန်ဟက်ဂ်အပေါ် ချစ်မြတ်နိုးပေမယ့်လည်း လာမယ့် ဘောလုံးရာသီမှာတော့ ပုံမှန် ပွဲကစားခွင့်တွေ ရရှိလိုနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ကလည်း လာမယ့်ရာသီမှာ ကွင်းလယ်ပိုင်းအတွက် ကစားသမား အားဖြည့်မှုတွေ လုပ်ဆောင်သွားဖို့ ရှိနေရာ ကစားသမားသစ်တွေ ရောက်လာခဲ့မယ်ဆိုရင် အသင်းက ရှိရင်းစွဲ ကစားသမားတွေနဲ့ ဗန်ဒယ်ဘိခ်အတွက်က နေရာ ဆက်ပျောက်ဖွယ်သာ ရှိလာနိုင်ပါတယ်။
ဒီအခြေအနေကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စောင့်ကြည့်လျက် ရှိနေပြီး ဗန်ဒယ်ဘိခ်ရဲ့အသင်းဟောင်း အေဂျက်စ်ကလည်း သူတို့ ကစားသမားဟောင်းကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ဖို့ ကြိုးပမ်းလာနိုင်ပါတယ်။