ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်က လာမယ့် ဆောင်းဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ အခြားအသင်း တသင်းဆီ ပြောင်းရွှေ့တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် နယ်သလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဗန်ဒီဘိခ်က ၂၀၂၀ခုနှစ်မှာ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၉သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ယူနိုက်တက်နဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။

Photo Credit: Goal

ဗန်ဒီဘိခ်က သူ့ရဲ့ အသင်းဟောင်း အေဂျက်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ အားကိုးတကြီး ခေါ်ယူမှုကို ခံခဲ့ရပေမယ့် ယူနိုက်တက်ဆီ ရောက်ရှိချိန်မှာ မကြာခဏ ဒဏ်ရာရရှိခဲ့သလို ကစားခွင့် ရတဲ့ အချိန်တိုင်းမှာလည်း အသင်းဖော်တွေနဲ့ လိုက်လျောညီထွေ ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ ဗန်ဒီဘိခ်က သူ့ရဲ့ ဆရာအရင်း တန်ဟက်ဂ် ရောက်လာတာတောင်မှ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာဆိုရင် ဗန်ဒီဘိခ်က မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၁မိနစ်သာ ပါဝင် ကစားထားရပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဗန်ဒီဘိခ်ဟာ လာမယ့် ဆောင်းဈေးကွက်မှာပဲ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ အခြားအသင်း တသင်းဆီ ပြောင်းဖို့ ဆုံးဖြတ်ချက် ချပြီးသွားပြီ ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်ကလည်း သူတို့ရဲ့ စီမံကိန်းထဲမှာ မပါဝင်တော့တဲ့ ဗန်ဒီဘိခ်ကို အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်ပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က ဗန်ဒီဘိခ်ကို ခေါ်ယူမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဗန်ဒီဘိခ်ကတော့ ယူရို ၂၀၂၄ပြိုင်ပွဲဝင် နယ်သာလန်ရဲ့ လူစာရင်းမှာ ပါဝင်နိုင်ဖို့ အတွက် ပုံမှန် ကစားခွင့် ရဖို့ သေချာတဲ့ အသင်းဆီသာ ပြောင်းဖို့ စီစဉ်နေပါတယ်။