ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဗန်ဒီဘိခ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၃-၀ ဘုန်းမောက် ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူရနိုင်ကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်က အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး သူဟာ ယနေ့မနက်မှာတော့ ထူးထူးခြားခြားပဲ မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Be Soccer

ဗန်ဒီဘိခ်က ပွဲထွက် ကစားခွင့် ရချိန်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ အကောင်းဆုံး ကြိုးစား ကစားသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ၃-၀ ဘုန်းမောက် ပွဲစဉ်မှာ သူဟာ ပုံမှန်ထက် ပိုကောင်းတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဘုန်းမောက် ခံစစ်မှူး ဆဲနက်စီရဲ့ ပြင်းထန်တဲ့ လျှောထိုး ဖြတ်ထုတ်မှုကြောင့် ဒူးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

ဗန်ဒီဘိခ်က ပထမပိုင်း ပြီးခါနီးမှာပဲ ဆဲနက်စီရဲ့ ပြင်းထန်တဲ့ ဖြတ်ထုတ်မှုကြောင့် ညာဘက်ဒူး လည်ထွက်သွားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ဒဏ်ရာဟာ အနည်းငယ် ပြင်းထန်တာကြောင့် ဗန်ဒီဘိခ်က လူစားလဲချိန်မှာ ငိုကြွေးနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Be Soccer

မန်ချက်စတာ ယူနိုက်တက် ၃-၀ ဘုန်းမောက် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ဗန်ဒီဘိခ်ရဲ့ ဒဏ်ရာဟာ ပြင်းထန်ကြောင်း ဝန်ခံသွားခဲ့သလို ဗန်ဒီဘိခ်ရဲ့ ဒဏ်ရာအခြေအနေ အသေးစိတ်ကို သိရဖို့ ၂၄နာရီ ထပ်မံ စောင့်ဆိုင်းရဦးမယ်လို့ ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့က ဗန်ဒီဘိခ်ရဲ့ ဒဏ်ရာအကြောင်းကို အသေးစိတ် မသိရသေးပါဘူး။ ကျွန်တော်တို့တွေက မှန်ကန်တဲ့ သုံးသပ်မှုမျိုး ရအောင် သူ့ရဲ့ ဒဏ်ရာကို စောင့်ကြည့်ရပါဦးမယ်။ ဆေးအဖွဲ့ကတော့ သူတို့ရဲ့ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒဏ်ရာအခြေအနေက အကောင်းဘက်မှာ ရှိမနေပါဘူး။ ဒွန်နီ ဒဏ်ရာရသွားတဲ့ ပုံစံက ဆိုးပါတယ်။ တကယ်လို့ သူ့ရဲ့ ဒဏ်ရာကသာ အခြေအနေ ဆိုးခဲ့မယ် ဆိုရင် ဒါဟာ သူ့အတွက်ရော ၊ အသင်းအတွက်ပါ ဆိုးဝါးလွန်းတဲ့ သတင်းတခု ဖြစ်နေပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။