ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းပြ ကစားနေတဲ့ လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နူးကို စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ယူ-၁၉လက်ရွေးစင် ကွင်းလယ်လူ ကိုဘီ မိုင်နူးက မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ သရဲနီဒီအန်အေ စစ်စစ်နဲ့ ကစားသမား ဖြစ်ပြီး သူက ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်ရဲ့ သဘောအကျဆုံး လူငယ် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Sporting News

တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အသင်းပွဲတွေကို လိုက်လံ ကြည့်ရှုရင်း မိုင်နူးကို ရှာတွေ့ခဲ့တာ ဖြစ်ပြီး တန်ဟက်ဂ်က မိုင်နူးရဲ့ အကြောင်းကို သိပြီးပြီးချင်းမှာပဲ အသင်းကြီးဆီ ချက်ချင်း ခေါ်ဆောင်ကာ အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်း ဆင်းခိုင်းခဲ့ပါတယ်။

တန်ဟက်ဂ်က မိုင်နူးကို လေ့ကျင့်ရေးကွင်းမှာ ၁နှစ်နီးပါး သီးသန့် လေ့ကျင့်ပေးပြီးနောက် ယခုနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် အသုံးပြုဖို့ စီစဉ်ခဲ့ပေမယ့် မိုင်နူးက ကံမကောင်းစွာနဲ့ ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်မှာ ဒဏ်ရာရသွားတာကြောင့် အချိန်အတော်ကြာ အနားယူခဲ့ရပါတယ်။

Photo Credit: Goal

ဒါပေမယ့် မိုင်နူးက ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာပဲ ပွဲထွက်ခွင့်တွေ ဆက်တိုက် ရရှိခဲ့ပြီး အဲရစ် တန်ဟက်ဂ်က မိုင်နူးကို အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ၊ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးတို့နဲ့ တွဲဖက်ကာ အသုံးပြုနေကာ မိုင်နူးဟာ ယူနိုက်တက်ရဲ့ ဇန်နဝါရီလ တလတာ အကောင်းဆုံး ကစားသမားဆုကိုလည်း သိမ်းပိုက် ရရှိထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က တောက်လျှောက် ပွဲထွက်ခွင့် ရနေသလို ပါဝင် ကစားခွင့် ရတိုင်း ခြေစွမ်းပြလေ့ ရှိတဲ့ မိုင်နူးကို စာချုပ်သစ် ကမ်းလှမ်းတော့မှာ ဖြစ်ပြီး ယူနိုက်တက်ဟာ ကိုဘီ မိုင်နူးကို ဂါနာချို ၊ ဂရင်းဝုဒ် စတဲ့ ကစားသမားတွေနဲ့ တူညီတဲ့ လုပ်ခလစာ ပေးချေမယ်လို့ သိရှိရပါတယ်။